English News

သြဂုတ်(၁၃) ဆန်ပြသနာနေ့ အထိမ်းအမှတ် အခမ်းအနား ဦးဥတ္တမခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၁၁

20729190_1613685058643565_6559635990937358544_n
သြဂုတ် (၁၃) ဆန်ပြသနာနေ့ အရေးတော်ပုံ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ တွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ကျင်းပခွင့်ရရှိကြောင်း သတင်းရရှိသည်။

လူပေါင်း ရာနှင့် ချီ သေဆုံးခဲ့ရသော စစ်တွေဆန်ပြသနာနေ့အား အခမ်းအနားအား ကျင်းပခွင့်ကို ယခင် အစိုးရအဆက်ဆက်မှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်သာမက ကျင်းပသူများကို ဖမ်းဆီးအရေးယူခဲ့သဖြင့် ယခင်က ၁၃ သြဂုတ်နေ့ အခမ်းအနားကို ရခိုင်ပြည်သူများမှ တိုးတိုးတိတ်တိတ် ကျင်းပခဲ့ကြသည်။

၂၀၁၀ ခုနှစ် နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှ စပြီး သြဂုတ် ၁၃ နေ့ အခမ်းအနား တရားဝင် ကျင်းပခွင့်မပြုခဲ့သော်လည်း ရခိုင်ပြည်သူများ အနေဖြင့် လွတ်လပ်စွာ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် စစ်တွေမြို့လယ်မှ အထင်ကရ နေရာ တစ်ခု ဖြစ်သော ဦးဥတ္တမ ခန်းမတွင် တရားဝင် ကျင်းပခွင့်ရရှိလာခြင်း ဖြစ်သည်။

လာမည့် သြဂုတ် ၁၃ ရက်နေ့တွင် ကျရောက်မည့် နှစ် ၅၀ ပြည့်မြောက်မည် ဖြစ်သော စစ်တွေ ဆန်ပြသနာ အရေးတော်ပုံနေ့ အခမ်းအနား ကို ၈၈ ရခိုင်မျိုးဆက်များ လှုမှုဖွံ့ဖြိုးရေးအဖွဲ့၊ ၀ံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) နှင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပသွားမည် ဖြစ်သည်။

“ အခုလို ဦးဥတ္တမ ခန်းမမှာ ကျင်းပခွင့်ရတာဟာ တိုးတက်မှု တစ်ခု ဖြစ်ပါတယ်။ အရင်ကဆိုရင် သြဂုတ် ၁၃ ဆန်ပြသနာနေ့ အခမ်းအနားကို ရခိုင်ပြည်မှာ ကျင်းပရင် အရေးယူခံရတယ်။ ဖမ်းဆီးခြင်း ခံရတယ်။ အခုတော့ လွတ်လပ်စွာကျင်းပခွင့်ရလာတဲ့ အပြင် ဦးဥတ္တမ ခန်းမမှာ ကျင်းပခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်” ဟု ၈၈ ရခိုင်မျိုးဆက်များ လှုမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ခိုင်ဆန်းအောင်က ပြောကြားသည်။

စစ်တွေ ဆန်ပြသနာအရေးတော်ပုံနေ့ကို ကျင်းပရသည်မှာ အဆိုပါနေ့ကို အမြဲသတိရကြစေရန် သင်ခန်းစာယူနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

“၁၉၆၇ ခုနှစ် သြဂတ် ၁၃ ရက်နေ့မှာ ဆန်ရရှိရေး အတွက် တောင်းဆိုတဲ့ အတွက် ရခိုင် လူမျိုးတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ကြရတယ်။ အဲ့ဒီနေ့ကို ရခိုင်လူမျိုးတွေ မမေ့ မပျောက်ဖို့နဲ့ အနာဂတ်မှာ ရခိုင်လူမျိုးတွေ သတိအမြဲရှိကြဖို့၊ ကိုယ့်အမျိုးသားအတွက် အတိတ်က သင်ခန်းစာကို ယူပြီး အနာဂတ်ကို ချီတက်ကြဖို့နဲ့ ဒီနေ့ဟာ မမေ့သင့်တဲ့ အထိမ်း အမှတ်နေ့ ဖြစ်တယ်ဆိုတာကို အားလုံးအမှတ်ရကြစေဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်”ဟု ခိုင်ဆန်းအောင်က ဆက်လက် ပြောဆိုသည်။

နှစ် ၅၀ ပြည့် စစ်တွေ ဆန်ပြသနာနေ့ အရေးတော်ပုံနေ့ကို ဦးဥတ္တမခန်းမတွင် နေ့လယ် ၁ နာရီမှ စတင်ကာ ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။

၁၉၆၇ ခုနှစ် မိုးရာသီအတွင်းက ရခိုင်ပြည်နယ်တွင် အထူး ဆန်ရှားပါးပြီး အငတ်ဘေးကျရောက်ခဲ့သဖြင့် စစ်တွေဒေသခံ ပြည်သူထောင်ပေါင်းများစွာသည် လမ်းမပေါ်သို့ ထွက်လာပြီး ဆန်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများကို ယင်းအချိန်က တိုင်းပြည်အာဏာကို ရယူထားသော တော်လှန်ရေး ကောင်စီ အစိုးရမှ ပစ်မိန့်ပေးသဖြင့် စစ်တပ်က ပစ်ခတ်၍ လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သည်။

“ အဲ့ဒီ သြဂုတ်လ ၁၃ ရက်နေ့မှာ ရခိုင်လူမျိုးတွေ တောင်းဆိုခဲ့တာက “ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား” ဆိုပြီးတော့ တောင်းဆိုခဲ့တာတွေကို ဆန်မပေးဘဲ သေနတ်နဲ့ ပစ်သတ် ကျည်ဆန်ပေးခဲ့တဲ့အတွက် အစုလိုက်အပြုံလိုက် လမ်းမထက်မှာ အသတ်ခံခဲ့ကြရပါတယ်”ဟု ခိုင်ဆန်းအောင်က ပြောသည်။

နှစ် (၅၀) ပြည့် ဆန်ပြသနာနေ အရေးတော်ပုံနေ့ အခမ်းအနားတွင် အရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက ဟောပြောခြင်း၊ စီစဉ်ကျင်းပသည့် ရခိုင်အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားပြုပြောဆိုခြင်း၊ ကြေညာချက်များ ထုတ်ဝေခြင်းများကို ပြုလုပ်သွားမည်ဟု သိရှိရသည်။