English News

ကြံ့ခိုင်ရေးခရိုင်ဥက္ကဋ္ဌ မင်းပြားမြို့နယ်စည်ပင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၃

20621095_1605387829473288_2567562007712543651_n

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၏ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောက်ဦးခရိုင် ဥက္ကဋ္ဌ ဦးသခင်ချို အရွေးချယ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နေရာအား ဦးကျော်ဆန်း၊ ဦးမောင်ဘတင်၊ ဦးသခင်ချို၊ ဦးဘုမောင်ချေနှင့် ဦးအောင်ကျော်ထွန်း တို့က ၀င်ရောက် အရွေးခံခဲ့ကြခြင်းဖြစ်သည်။

“ရပ်ကွက်ကိုယ်စားပြုတဲ့ လူ ၄၅ ယောက်က မဲပေးတဲ့အခါမှာ ဦးသခင်ချိုက ၂၅ မဲ၊ ဦးကျော်ဆန်းက ၇ မဲ၊ ဦးအောင်ကျော်ထွန်း အငြိမ်းစားကျောင်းဆရာက ၇ မဲ အသီးသီး ရရှိပြီးတော့ ဦးသခင်ချိုက အနိုင်ရရှိသွားခြင်းဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၉ ခုရှိပြီး ရပ်ကွက်တစ်ခုစီမှ ကိုယ်စားပြု ၅ ဦးစီကို ရွေးချယ်ပြီး၊ အဆိုပါ ကိုယ်စားလှယ်များက စည်ပင်ဥက္ကဋ္ဌ အရွေးချယ်ခံသူများကို မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခုရွေးချယ်လိုက်သော မင်းပြားမြို့နယ် စည်ပင်ကော်သာယာရေးကော်မတီတွင် ဦးသခင်ချိုက ဥက္ကဋ္ဌ ဖြစ်ပြီး၊ ဦးမောင်သိန်းကျော်၊ ဦးအောင်ကြည်လင်းနှင့် ဦးအေးကျော်သန်းတို့သည် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

စည်ပင် ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံရသည့် ဦးသခင်ချိုသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ-Tun Tun Aung ဖေ့စ်ဘုတ် စာမျက်နှာ