Advertising
English News

နိုင်ငံသား မဟုတ်သူများကို ပြန်လက်မခံရန် ရခိုင် ပြည်နယ်လွှတ်တော်၌ အရေးကြီးအဆိုတင်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၃

29683467_1881336055211796_2493851545149345026_n

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဘင်္ဂလီလူမျိုးများအား ပြန်လည် လက်ခံရာတွင် နိုင်ငံသား မဟုတ်သူများကို ပြန်လည် လက်မခံရန် ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အရေးကြီး အဆို အဖြစ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့သည်။

“ ဟုတ်ပါတယ်။ နိုင်ငံသားဖြစ်သူတွေကို လက်ခံပါ။ ဒီအပေါ်မှာ အငြင်းပွားစရာမရှိပါ။ နိုင်ငံသား မဟုတ်တဲ့သူတွေကို လက်ခံလို့ မရပါဘူး။ ဒါက မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေနဲ့ လည်း မကိုက်ညီဘူး။ ဒီလို နိုင်ငံသား မဟုတ်တဲ့သူတွေကိုပါ လက်ခံလာနိုင်တဲ့ အနေအထားရှိနေတဲ့ အတွက် နိုင်ငံသားမဟုတ်သူတွေကို လက်မခံဖို့ ရခိုင်လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ယခုကဲ့သို့ အဆိုတင်ရခြင်းမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်သူများ၏ တောင်းဆိုချက်အရ အဆိုတင်ရခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဦးထွန်းအောင်သိန်းတင်သွင်းလိုက်သည့်အဆိုအား မောင်တောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်အုန်းက ထောက်ခံဆွေးနွေးခဲ့သည့်အတွက် ယင်းအဆိုအား ဧပြီလ ၅ ရက်နေ့၌ကျင်းပမည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ပြည်နယ် လွှတ်တော်က သဘောတူခဲ့ကြသည်။

” ဒေသခံတိုင်းရင်းသားတွေ အေးချမ်းတည်ငြိမ်စွာနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ ဘင်္ဂလီတွေကို မောင်တော ဒေသမှာ လက်မခံဖို့ ကို ပြည်သူလူထု တောင်းဆို ထားပါတယ်။ ဒီအတွက် လူထု သဘောထားကို လွှတ်တော်မှာ ကျွန်တော်အနေနဲ့ ဆွေးနွေးတင်ပြရတာဖြစ်ပါတယ်”ဟု အဆိုရှင် ဦးထွန်းအောင်သိန်းက နိရဉ္စရာသို့ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါဒေသများမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး သွားကြသည့် ဘင်္ဂါလီများကို အစိုးရက ပြန်လည်လက်ခံရန် စီစဉ်နေရာ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

နိုင်ငံသားဖြစ်သူများကို ကန့်ကွက်စရာ မရှိကြောင်း၊၎င်းတို့အနေဖြင့် နိုင်ငံသား ဖြစ်သည့်နှင့် အညီ မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ နေထိုင်နိုင်ကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်နယ် လွှတ်တော်အား ဧပြီလ ၂ ရက်နေ့က ပြန်လည် စတင်ပြုလုပ်နေကြောင်း သိရှိရသည်။