English News

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ လာမည့်သတင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ

နိရဉ္စရာ၊ နိုဝင်ဘာ ၁

22885843_1719798608032209_7478356284783971576_n

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် နိုဝင်ဘာလ ၂ ရက်နေ့ တွင် စစ်တွေသို့ လာမည်ဖြစ်ကြောင်း စစ်တွေ ဒေသခံများအကြားတွင် သတင်းများ ကျယ်ကျယ်ပြန့်ထွက်ပေါ်နေသည်။

အဆိုပါ သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်အား နိရဉ္စရာသတင်းဌာမှ ဆက်သွယ်မေးမြန်းရာ သူတို့ အနေဖြင့် တစ်စုံတစ်ရာ သတင်းမရရှိသေးကြောင်း ပြောကြားသည်။

“ ဒီနေညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် စစ်တွေကို လာမယ်ဆိုပြီး သတင်းတွေ ဒီမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ကျွန်တော်တို့ကလည်း ဒီလို သတင်းထွက် နေတာကိုသာ ကြားရတာပါ။ ဒီကနေ့ ည ၁၀ နာရီထိ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတာ ပါတီဗဟိုက တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စ ဘာမှ မပြောနိုင်သေးပါဘူး” ဟု ပြောကြားသည်။

ယနေ့ညနေပိုင်းတွင် စစ်တွေတွင် လုံခြုံရေးတိုးမြှင့်ချထားသည့် အပြင် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုတို့လည်း စစ်တွေတွင် ရောက်ရှိနေသဖြင့် ယခုလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ လာမည့် သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။

စစ်တွေရှိ နိရဉ္စရာသတင်းထောက်ကလည်း ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ နိုဝင်ဘာ ၂ရက်နေ့ လာရောက်မည်ဟု သတင်းထွက်ပေါ်နေပြီး လူအများက သူမ၏ ခရီးစဉ်အကြောင်းကို ပြောဆိုနေကြသည်ဟု ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့လာမည့် သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ နိရဉ္စရာ သတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။