သတင်း — July 5, 2012 at 2:45 pm

ညမထွက်ရအမိန့် မလိုက်နာသူများကို စစ်တွေတွင်ဖမ်းဆီးစစ်ဆေး

မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေးမူများ  ရှိခဲ့သည်ဟု သိရသည်။

လုံခြုံရေးကို တိုးမြှင့်ချထားပြီးနောက် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့သူကြီး ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။

“ မနေ့က ရခိုင်တွေကို ဖမ်းတယ်ဆိုတာက စည်းကမ်း မလိုက်နာတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်တွေနဲ့ ညဥ့် အချိန် မတော် ထွက်နေကြတယ်။ သတ်မှတ်ထားတဲ့ အချိန် မထွက်ပါနဲ့လို့ အာဏာပိုင်တွေက ပြောထားတာကို မလိုက်နာတဲ့ ထွက်တဲ့ အတွက် ဖမ်းဆီး စစ်ဆေး ခံရတာ ဖြစ်ပါတယ်။ တချို့လည်း အဖမ်းခံရတယ်လို့ ကြားပါတယ်။”

ယမန်နေ့ညဥ့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖြင့် သွားလာနေသူတ ချို့ကို မြို့သူကြီးရပ်ကွက် မောင်ရွှေလုံးလမ်းထိပ်တွင် ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင် ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ ည ၈ နာရီ ၉ နာရီအထိ ဆိုင်ကယ်တွေနဲ့ သွားလာ နေတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးတာတွေ တွေ့လိုက်ပါတယ်။ သူတို့ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်လို့ထင်ပါတယ်။ ပြန်သွားကြ တာ တွေ့လိုက်တယ်” ဟု ဆိုသည်။

အလားတူ စစ်တွေမြို့ ဆေးရုံကြီး အနီးတ၀ိုက်တွင်လည်း ညနေပိုင်း ဆေးရုံလာသူများကို ဖမ်းဆီးမူများ ရှိခဲ့သည်ဟု သိရသည်။

“ ဆေးရုံကို လာကြတာကတော့ လူနာတွေ ကြောင့်ပါ။ မနေ့ ညနေက အဖမ်းအဆီး တချို့ ရှိတဲ့ အတွက် လူတွေက ဆေးရုံကို မလာနိုင်တော့ လူနာတွေ အထူး ဒုက္ခရောက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် မသွားမဖြစ် သွားရမယ့် လူတွေအတွက် ပုဒ်မ ၁၄၄ ကြောင့် အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။

သို့သော်လည်း ကျန်းမာရေးကိစ္စအပါအ၀င် တခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပို့ဆောင် ပေးနေသဖြင့် ဆက်သွယ် ဆောင်ရွက်ပြီး သွားလာကြရန် အာဏာပိုင်များက ပြောဆိုထားသည်ဟု ဆိုသည်။

ယခုအခါ စစ်တွေမြို့ အခြေအနေမှာ တည်ငြိမ်နေပြီဟု ပြောဆိုနိုင်သော်လည်း စိတ်ချရသည့်အနေ အထားမ ဟုတ်သေးကြောင်း အစိုးရ၀န်ထမ်းတဦးက ယခုကဲ့သို့ ပြောသည်။

“ ဇူလိုင်လ ၁ ရက်နေ့  ၀န်ထမ်းအိမ်ရာမှာ အိမ်တဆောင် မီးရှို့ခံရတယ်။ နောက်တနေ့ ဘုမေရွာမှာ တစ် ဆောင် လောင်တယ်။ အဲဒီလို တစ်နေ့တစ်ဆောင်လို ဟိုနားကလောင် ဒီနားက လောင် ဖြစ်နေတဲ့ အတွက် အသွားအလာတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ လုံခြုံရေးကလည်း အခု တိုးမြှင့်ထားပြီး အသေအချာ ကြတ်မတ်နေတာကို တွေ့နေပါတယ်” ဟု သူက ဆိုသည်။

စစ်တွေမြို့ဈေးကြီးကို ယနေ့စတင်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်ပိုင်းထိ ဈေးကြီးမဖွင့်သေးကြောင်းနှင့် ဟင်းသီးဟင်းရွက် နှင့် အသား၊ ငါးများရောင်းသည့် ဈေးဆိုင်များကိုသာ ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့သူကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>