သတင်း — July 11, 2012 at 2:28 pm

ဖမ်းဆီးခံ NGO ၀န်ထမ်းများ မောင်တောတွင် ရုံးတင်

မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသည့် NGO ၀န်ထမ်း သုံးဦးကို ယမန်နေ့က မောင်တောခရိုင် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

မောင်တောတွင် နစက တပ်ဖွဲ့များနှင့် ဆူပူသူများ ထိပ်တိုက်တွေ့နေစဉ်။

ယမန်နေ့က ရုံတင် စစ်ဆေးခံရသူများမှာ ချိုလေမာ ခါတုန်ဆိုသူ အမျိုးသမီး တစ်ဦးနှင့် နောက် အမျိုးသား နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။  သူတို့အား ကျီးကန်းပြင် အခြေစိုက် နစက ဌာနချုပ်မှ ယူဆောင်လာပြီး ယခုကဲ့သို့ ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

“ ချိုလေးမာကို ရုံးတင်ပါတယ်။ သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့လို့ကြားတယ်။ နောက်ပြီး ဒီမောင်တော မှာ ရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံအပြင်ဘက်ကို ပို့ပေးတယ် ဆိုတဲ့ စွဲချက်တွေ ပါတယ်လို့ သိရတယ်” ဟု မောင်တော ခရိုင် တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ချိုလေးမာခါတုန်မှာ သံတွဲသူ တဦးဖြစ်ပြီး မောင်တောတွင် ကျောင်းဆရာမအဖြစ် တာဝန် လာပြီးနောက် ကျောင်းဆရာမ အလုပ်မှထွက်ကာ ဂျပန်ကုမ္ပဏီတခုဖြစ်သည့် PAJ ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ပြီး UNHCR တွင် ပြောင်းလဲ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

ချိုလေးမာခါတုန်ကို ရုံးထုတ်သည်မှာ ဟုတ်မှန်ကြောင်း အာဏာပိုင်များနှင့် နီးစပ် သည့် မောင်တောမြို့ခံတဦး က လည်း ယခုကဲ့သို့ ပြောသည်။

“ဟုတ်တယ်။ မနေ့က ရုံးထုတ်တယ်။ အန်ဂျီအိုက ဖမ်းထားတဲ့ ချိုလေးမာတို့ကို ရုံးထုတ်တယ်။ သူတို့ကို ဆူပူလှုပ်ရှားမှုမှာ ပါဝင်ပတ်သတ်တယ်ဆိုပြီး ရုံးထုတ်တာ” ဟု ပြောသည်။

ဒေါ်ချိုလေးမာတို့ကို ရုံးတင်လာသည့်ကို မြင်တွေ့လိုက်သူ နောက်ထပ် မောင်တောမြို့ခံ တစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။

“ မနေ့က မနက် ၉ နာရီခွဲမှာ ရုံးတင်တယ်။ သူနဲ့အတူ တခြား ၂ယောက်လည်းပါတယ်။ ဘယ်အမှုတွေနဲ့ ရုံးတင် တယ်ဆိုတာ မသိဘူး။ ရုံးက ဆင်းတာနဲ့  ဌာနချုပ်ကိုယူသွားတယ်။ သူတို့ကို ရဲစခန်းမှာ မထားဘူး။ နစက ဌာနချုပ်မှာ ထားတယ်” ဟု မောင်တော မြို့ခံက ပြောသည်။

ချိုလေးမာကို ဇွန်လ ၁၄ ရက်နေ့က အာလီဆိုသူနှင့်အတူ မောင်တောရဲမှ သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ကျီးကန်းပြင် နစက ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သိရှိရသည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင်ဆိုသူကိုလည်း ယမန်နေ့က စစ်တွေမြို့တွင် ရုံးထုတ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်မပြုနိုင်သေးပါ။

ဦးကျော်လှအောင်အား ဖမ်းဆီးပြီး AZG ရုံးခန်းနှင့် ဂိုဒေါင်များကို အာဏာပိုင်များမှ ၀င်ရောက် ရှာဖွေခဲ့ပြီးနောက် ဦးကျော်လှအောင်နှင့်ပတ်သတ်၍  ဇွန်လ ၁၇ ရက်နေ့က AZG  မှ ဒုတိယ ဌာနေ ကိုယ်စားလှယ် Ms. Vickie Hawkins က သတင်း စာရှင်းပွဲတခု ပြုလုပ်ခဲ့ကြောင်း ပြည်တွင်း ထုတ်ဂျာနယ် Weekly နှင့် Seven Day တို့တွင် ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ ရခိုင်ပြည်နယ် ဆူပူနှင့် ပတ်သက်ပြီး အန်ဂျီအို ၀န်ထမ်းများကို ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>