သတင်း — July 18, 2012 at 2:37 pm

ဘဏ်ချေးငွေ ရလိုသူ လယ်သမားများထံမှ ဒေသ အာဏာပိုင်များက ငွေကောက်

မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ထုတ် ချေးငွေ ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဟုဆိုကာ လယ်သမားများထံမှ ငွေကောက်ခံနေသည်ဟု သတင်း ရရှိသည်။

မာန်အောင်မြို့နယ် ကံတိုင်းအုပ်စုတွင် အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးက လယ်သမားများကို ဇူလိုင်လ ၈ ရက်နေ့က ဆင့်ခေါ်ပြီး ငွေတောင်းယူပုံကို  လယ်သမားတဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ကံတိုင်းအုပ်စုက အုပ်ချုပ်ရေးမှူးက မြန်မာလို ပထမ ၀ါဆိုလဆုတ် ၅ ရက်နေ့က လယ်သမား တွေကို ဘဏ်ကို နာမည်လွဲဖို့ လယ်သမားတွေကို ဆင့်ခေါ်တယ်။ လယ်သမားတွေ သွားကြပါတယ်။ ရောက်တဲ့အခါ တစ်ဧကကို ငွေ ၃၀၀၀ စီ ပေးရမယ်။ ၃၀၀၀ မပေးတဲ့လူဟာ ငွေချေးလို့ မရဘူးဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ မထုတ်ချေးခင်ကတည်းပင် လယ်သမားများထံမှ ငွေတောင်းယူနေ သဖြင့်  ဒုက္ခ ရောက်နေကြရသည်ဟုလည်း သူက ပြောသည်။

“ သူတို့က တစ်ဧကကို ကျပ်ငွေ ၅၀၀၀၀ နုန်းနဲ့ ချေးဖို့လို့ ပြောထားပါတယ်။ အခု ကျွန်တော်တို့ ငွေမရသေးဘူး   တစ်ဧကကို ငွေ ၃၀၀၀ ကျပ် ပေးနေရပါတယ်။ နောက်ပြီးတော့ မြေတိုင်း စာရေးကလဲ မိဘ သေဆုံးသွားတဲ့သူတွေမှာ လယ်တွေကို သားသမီး နာမည်ကို ပြောင်းမယ်ဆိုရင် တစ်ဧကကို ၃၀၀၀ တောင်းပါတယ်။ လယ်သမားတွေမှာတော့ နည်းမျိုးစုံနဲ့ ငွေညစ်ခံနေကြရတဲ့ အတွက် ဒုက္ခရောက်နေကြပါတယ်။”

၎င်းအပြင် ကံတိုင်းအုပ်စု အုပ်ချုပ်ရေးမှူးက ချေးငွေရရှိရေး အတွက် မြို့သို့သွားသည့် ခရီးစရိတ်ဟု ဆိုကာ လယ်သမားတစ်ဦးထံမှ ကျပ်ငွေ ၈၀၀ စီ ကောက်ခံနေသည်ဟုလည်း သူက ပြောသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မည်သည့်နေ့တွင် ထုတ်ချေးမည်ဟု မသိရသေးသော်လည်း တချို့လယ် သမားများက ချေးငွေရရှိရေးအတွက် သူတို့တောင်းသည့် ငွေကို ပေးနေကြသလို တချို့ လယ်သမားများကလည်း မပေးဘဲ နေကြသည်ဟု သိရသည်။

မြေတိုင်းစာရေး ဂျာနော်ဆိုသူမှာ မာန်အောင်မြို့နယ်အတွင်းရှိ သာယာကုန်းအုပ်စု၊ ကံတိုင်းအုပ်စု၊ ကလယ် အုပ်စု၊ ကအီးအုပ်စုနှင့် ရဲကျွန်းအုပ်စုတွင် တာဝန်ကျနေသူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အုပ်စုတိုင်းတွင် ငွေများ တောင်းခံနေသည်ဟု သိရသည်။

၎င်းအပြင် မာန်အောင်မြို့နယ် မီးလောင်ထောင့် အုပ်စုတွင်လည်း ၂၀၁၁ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေကို မြန် မာ့ လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်က တစ်ဧက ၂၀၀၀၀ (နှစ်သောင်းကျပ်) နူန်းဖြင့် ထုတ်ချေးခဲ့ပြီး အတိုးနှုန်း ကျပ် ငွေ ၁၀၀ ကို တစ်နှစ်လျှင် ၁၇ ကျပ်တိုးဖြင့် ကောက်ယူခဲ့သည်။

ဘဏ်တွင် မစုမနေရ စုထားခဲ့ရသော ငွေများကို ပြန်လည်ထုတ်ပေးမည်ဟု ဆိုကာ စုငွေလက်ကျန် ဖေါ်ပြသော ပြေစာကို မပေးဘဲ ငွေစု စာအုပ်များကို ပြန်လည်တောင်းယူကာ ငွေစာရင်းအချို့ကို ဖျက်ပြီး စုငွေများကို ပြန် ထုတ်ပေးရာတွင် ဘဏ်လက်ကျန်ငွေ အဖြစ် ကျပ်ငွေ ၂၀၀၀ ကို မထားမနေရ ထားခဲ့ရသည်ဟု မီးလောင် ထောင့် အုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။

ယခု ၂၀၁၂ နှစ် မိုးရာသီ စပါးစိုက်ပျိုးစရိတ်ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧက လျှင် ကျပ်ငွေ ၅၀၀၀၀ ထိ တိုးမြှင့်ချေးငှားမည်ဟု ကြေငြာထားသော်လည်း လယ်သမား များမှာ ငွေတိုးနှုန်း မြှင့်မားမှု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဌာနမှ ငွေကောက်ယူမှုများ ရှိနေသဖြင့် အခက်ကြုံနေကြရသည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>