သတင်း — July 20, 2012 at 1:23 pm

UNHCR မှ သမ္မတ ဦးသိန်းစိန် တိုက်တွန်းချက်ကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန် ဂျပန်တွင် တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေဖြင့်  သမ္မတ ဦးသိန်းစိန်မှ တိုက်တွန်းချက်ကို လက်ခံပြီး လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်းဆိုသော ဆန္ဒပြပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ နိုင်ငံသားများက ယခုလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ တောင်းဆို ဆန္ဒပြပွဲအား ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်)  A.U.N (Japan)မှ    ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင်  မြန်မာနိုင်ငံသား ၁၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့က သမ္မတကြီး ဦးသိန်းစိန် ခုလို ထုတ်ဖေါ်ပြောဆိုတာကို ထောက်ခံတယ်။ ဒါ့အပြင် ဒီဘင်္ဂလီ ရိုဟင်ဂျာ အရေးကြောင့် တည်ငြိမ်စပြုနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အရှုပ်အထွေးတွေနဲ့ မတည်ငြိမ်မူတွေ  ဆက်ဖြစ်လာတယ်။ ဒါကြောင့် ဒီပြဿနာ ဆက်လက် မဖြစ်ပေါ်ရအောင်နဲ့ ပြေပြေလည်လည် ဖြစ်အောင်  UNHCR အနေနဲ့ သမ္မတကြီး ဦးသိန်းစိန် တိုက်တွန်းချက်ကို လိုက်နာပြီး သူတို့ကို တတိယ နိုင်ငံ တစ်ခုခုကို ပို့ပေးဖို့ လိုအပ်တယ် ဆိုတာကို ထောက်ခံတဲ့ အနေနဲ့ ခုလို တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်”  ဟု ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)၏   အတွင်းရေးမှူး တစ်ဦးဖြစ်သူ  ကိုကျော်သန်းလှိုင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR  အကြီးအကဲ Antonio Guterres နှင့်  ဇူလိုင်လ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးချိန်တွင်  တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသော ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊  မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း ပြောကြားသည်။

“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း” သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင်  ဖော်ပြထားသည်။

ထိုသို့ ပြောကြားချက်ကို ကုလသမဂ္ဂ မဟာမင်းကြီးက ပယ်ချခဲ့ပြီးထိုသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း အဆိုပါ ပြဿနာ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။

ဆန္ဒပြတောင်းဆိုပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လည်(၃)နာရီမှ      (၄)နာရီအထိ တိုကျိုမြို့၊   Shibuya ရက်ကွက်ရှိ  United  Nations University  ရှေ့ရှိ UNHCR  ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပွဲကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေဂျပန်ဌာနခွဲ)  အပါ အဝင်   ဂျပန်နိုင်ငံရှိ မြန်မာအရေးကိုလုပ်ရှားနေသော    အဖွဲ့အစည်းပေါင်းစုံမှ   ပူးပေါင်းပါဝင်ခဲ့သည်။

ဆန္ဒပြပွဲတွင်   ဂျပန်ရောက် မြန်မာ အဖွဲ့အစည်း ပေါင်းစုံမှ   ထုတ်ပြန်ထားသော ကြေညာချက်ကိုလည်း  UNHCR  တာဝန်ရှိသူ ထံသို့ပေးအပ်ခဲ့သည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>