သတင်း — July 23, 2012 at 2:45 pm

ရခိုင်ပြည်နယ် အစိုးရမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာကို ပယ်ချ

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့  Amnesty International (AI) က ဇူလိုင်လ ၂၀ နေ့စွဲ ဖြင့် ထုတ်ပြန်သော အစီရင်ခံစာကို  ရခိုင်ပြည်နယ် အစိုးရက ပယ်ချ လိုက်ကြောင်း ဘီဘီစီ မြန်မာပိုင်းမှ ၎င်းနေ့ ညနေပိုင်း အစီအစဉ်တွင် ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် AI အစီရင်ခံစာကို ပယ်ချရပါသလဲဟု နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ ရခိုင်ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က အခြေအမြစ်မရှိဘဲ စွပ်စွဲထားသဖြင့် ပယ်ချရခြင်း ဖြစ်ကြောင်း ယခုလို ပြောကြားသည်။

“ကျွန်တော်က ရခိုင်ပြည်နယ် အစိုးရ ကိုယ်စား ပြန်ကြားရေး တာဝန်ကို ယူထားသူ တစ်ဦး အနေနဲ့ ခုလို  အခြေအမြစ် မရှိဘဲ တဖက်သတ် စွပ်စွဲ ရေးသား ထုတ်ဝေထားတဲ့ အတွက် ဒါကို ကျွန်တော်တို့ အစိုးရ အဖွဲ့ ကိုယ်စား လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ဝေသော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာထားခြင်းသည်  အာဏာပိုင်များကို လူ့အခွင့်အရေးချိုးဖောက်ရန် အတွက် လိုင်စင် ပေးလိုက်သကဲ့သို့ ဖြစ်ကြောင်း ဖေါ်ပြထားသည်။

၎င်းပြင်  လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်  လူမျိုးရေး ဘာသာရေး မခွဲခြားဘဲ မတရားတိုက်ခိုက်ခံရသူ မည်သူ့ကို မဆို  အကာအကွယ် ပေးရမှာဖြစ်ကြောင်း၊ သို့သော်လည်း အာဏာပိုင်များက  အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ တချို့နေရာများတွင်  လုံခြုံရေးတပ်ဖွဲ့တွေ က လူမျိုးစု အကြမ်းဖက်မှုများ ကို မသိချင်ယောင်ဆောင်ပြီး မျက်နှာလွဲနေကြောင်း၊  ကိစ္စအများစုမှာ ရိုဟင်ဂျာများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖေါ်ပြသည်။

ဆက်လက်ပြီး အစီရင်ခံစာက ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနှင့်  လုံခြုံရေးတပ်များသည် ရိုဟင်ဂျာ နှင့် ရခိုင်မွတ်ဆင် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အိုးအိမ် စည်းစိမ်များကို ဖျတ်ဆီးခြင်း၊  ဥပဒေမဲ့ သတ်ဖြတ်မှုများကို  ပြုလုပ် ကျူးလွန်နေကြောင်း စွပ်စွဲ ရေးသား ဖေါ်ပြထားသည်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထိုသို့ စွပ်စွဲ ထုတ်ပြန်ထားပြီး AI အဖွဲ့၏  မြန်မာနိုင်ငံ ဆိုင်ရာ သုတေသီ Benjamin Zawacki (ဘင်ဂျမင်ဇာဝါကီ) က ယခုလို လုပ်ရပ်ကို  ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ထိုသို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ ရေးသားဖေါ်ပြချက်များနှင့် ပတ်သက်ပြီး မေးမြန်းရာ ဦးဝင်းမြိုင်က ယခုလို ချေပပြောဆိုသည်။

“  ပြစ်မူ ကျူးလွန်သူတွေကို တရား ဥပဒေအရ ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုတာတွေတော့ ရှိပါတယ်။ ညှုဉ်းပမ်းနှိပ်စက်တာတွေ မရှိဘူး။ သတ်ဖြတ်တာတွေ မရှိဘူး။  ဒါတွေဟာ အခြေအမြစ် မရှိဘဲ တဘက်သတ် ရေးသား စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။

၎င်းပြင်သူက ဘူးသီးတောင်နှင့် မောင်တောတွင် ရခိုင်မှာ လူနည်းစု ဖြစ်ပြီး ဘင်္ဂလီများမှာ လူများစု ဖြစ်ပါကြောင်း၊ ဘူးသီးတောင်နှင့် မောင်တောတွင် ရခိုင်လူမျိုးများက ဘင်္ဂလီ ရိုဟင်ဂျာများကို တရား ဥပဒေမဲ့ သတ်ဖြတ်ပြီး  ရိုဟင်ဂျာ အမျိုးသမီးများကို မုဒိမ်းကျင့်သည်ဟု စွပ်စွဲခြင်းမှာ ဖြစ်နိုင်ချေ ရှိမရှိကို ဥဏှောက်ရှိသည့် လူတိုင်း စဉ်းစားကြည့်လျှင် သိနိုင်ပါကြောင်း သူက ပြောဆိုသွားသည်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အစီရင်ခံစာတွင် ရခိုင်လူမျိုးများ အနေဖြင့် ရိုဟင်ဂျာ ဘင်္ဂလီများကို သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာ အမျိုးသမီးများ မုဒိမ်းကျင့်နေသည်ဟု ဖေါ်ပြ ရေးသားခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

“ အမှန်တကယ်ကတော့ ရခိုင်ပြည်နယ်မှာ နေတဲ့ ရခိုင် လူမျိုးတွေ အသိဆုံးပါ။ ကျွန်တော်တို့ဟာ ကိုယ့်မြေမှာ ကိုယ်အိမ်မှာ နေထိုင်နေပေမယ့်  ကျူးကျော်ခံရတယ်။ အစော်ကားခံရတယ်။  ခြိမ်းခြောက်ခံရတယ်။ ကျွန်တော်တို့ မှာ လုံခြုံမူ မရှိဘူး။ ဒီပြဿနာ အခြေအနေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိစေလိုပါတယ်။ နောက်တစ်ခုက ဒီရရှိလာတဲ့ သတင်းတွေဟာ အဖြစ်မှန် Really နဲ့ အလွန်တရာ လွဲမှားနေတယ်ဆိုတာကို အစီရင်ခံစာ ထုတ်ဝေသူ  အနေနဲ့ သိဖို့ ကောင်းပါတယ်။ အခု လက်ရှိ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူကို RNDP အနေနဲ့ အသိဆုံးပါ။ ဒါပေမယ့် ဒီဖြစ်ပျက်တဲ့ ကိစ္စ အ၀၀မှာ RNDP ရဲ့သဘောထား မူဝါဒ  အမှန်တွေ ပျောက်နေပြီး သူတို့က လက်ဦးမူယူပြီး  ပြောချင်သလို ပြောနေတဲ့ အတွက် ဒီလို လုပ်ဆောင်နေမူ အပေါ်မှာ ၀မ်းနည်းမိပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် အစီရင်ခံစာ ထုတ်ဝေသူများ အနေဖြင့် ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ပြဿနာကို ဂဃနဏ သိရန်လိုကြောင်း သူက ပြောသည်။

“ အခု အဖြစ်အပျက်မှာ ရခိုင်တွေ ဘက်ကလည်း လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရတယ်။  ရွာတွေလည်း အများကြီး မီးရှို့ ဖျက်ဆီးခံရတယ်။  နစ်နာမူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီပြဿနာကို စတာ ဘယ်သူလဲ ဆိုတာကို အဲဒီ AI အဖွဲ့ အနေနဲ့ ဂဃနဏ သိဖို့လိုပါတယ်။ အခု ပြဿနာရဲ့ အဖြစ်မှန်ကိုလည်း ဂဃနဏ သေသေချာချာ မသိဘဲနဲ့ အဝေးကနေပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့ အစည်း အနေနဲ့ ခုလို အောက်တန်းကျတဲ့  အစီရင်ခံစာ  ရေသားထားတဲ့ အပေါ် ဒီမိုကရေစီ နည်းလမ်းနဲ့ ရွှေးချယ် တင်မြှောက်ခံထားရတဲ့ တရားဝင် ပါတီ တစ်ရပ် ဖြစ်တဲ့ RNDP အနေနဲ့ လုံးဝ ကန့်ကွက်  ရှုတ်ချတယ်ဆိုတဲ့ အကြောင်း တစ်ကမ္ဘာလုံးကို သိအောင် ပြောချင်ပါတယ်” ဟု ဦးဦးလှစောက ပြောသည်။

၎င်းပြင် ဗြိတိန်နိုင်ငံ အခြေစိုက် Burma Democratic Concern ( BDC)  ဒါရိုက်တာ ဦးမျိုးသိန်းမှလည်း ယခုကဲ့သို့ မှားယွင်းစွာ  မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားထားသော AI ၏ အစီရင်ခံစာအား ပြင်းထန်စွာ ဆန့်ကျင်ပါကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI သို့ ရေးသား ပေးပို့ခဲ့သော စာတွင် ဖေါ်ပြသည်။

ဦးမျိုးသိန်း၏ စာထဲတွင် အစီရင်ခံစာကို ရေးသားသူ  Benjamin Zawacki အနေဖြင့် ရိုဟင်ဂျာ ဘင်္ဂလီများ၏ လုပ်ကြံဖန်တီးထားသော မဟုတ်မမှန် ပုံပြင်များကို မယုံကြည်ဘဲ စစ်မှန်သော မြန်မာ သတင်းများကိုသာ နားထောင် ယုံကြည် သင့်ပါကြောင်း တိုက်တွန်း  ရေးသား ဖေါ်ပြထားသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>