သတင်း — July 23, 2012 at 2:44 pm

မလေးရှား MAO မှ ရခိုင်ဒုက္ခသည်များ အတွက် ကျပ်သိန်း ၁၃၀ လှူဒါန်း

ခိုင်မောင်ဦး (မလေး)

မလေးရှားနိုင်ငံမှ  ရခိုင်အဖွဲ့  အစည်း တစ်ခု ဖြစ်သည့် (Malaysia Arakan Organization – MAO) မှ ရခိုင် ဒုက္ခသည်များ အတွက် မြန်မာကျပ်ငွေ သိန်း ၁၃၀ လှူဒါန်းလိုက်သည်။

၎င်း အလှူငွေများကို ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စား ၀တ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ထောက်ပံ့ရေး အဖွဲ့ (ယာယီ)မှ တဆင့် ဇူလိုင်လ ၁၈ ရက်နေ့က လှူဒါန်း လိုက်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ၁၅ ရက်နေ့ထိ ကောက်ခံလို့ရတဲ့ အလှူငွေ  မြန်မာကျပ်သိန်း ၁၃၀ ရပါတယ်။ အဲဒီ အထဲက ကျပ် ၅ သိန်းကို မသီတာထွေး မိသားစု အတွက် လှူဒါန်းလိုက်ပြီး ကျန် သိန်း ၁၂၅ ကိုတော့ စစ်တွေမှာရှိတဲ့  ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသော ပြည်သူများအား ထောက်ပံ့ရေးအဖွဲ့ (ယာယီ)ကို ဇူလိုင်လ ၁၈ ရက်နေ့က လွဲပြောင်း ပေးအပ် လှူဒါန်းလိုက်ပါတယ်” MAO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးစစ်အောင်ဟိန်းက နိရဉ္စရာသို့ ပြောသည်။

ခိုကိုးရာမဲ့ ဖြစ်နေကြသော ရခိုင်ဒုက္ခသည်များ အတွက်  အလှူငွေများမှာ ဇွန်လ ၁၀ ရက်နေ့မှ  စတင်ပြီး စုဆောင်းကောက်ခဲ့ရာ ဇူလိုင်လ ၁၅ ရက်နေ့တွင် သိန်းပေါင်း ၁၃၀ ကောက်ခံ၍ ရရှိခဲ့သည်။ အမျိုးသားရေး ကိစ္စဖြစ်သဖြင့် အများစု အလှူရှင်များမှာ စေတနာ ထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

MAO အဖွဲ့အနေဖြင့် နောက်ထပ် အလှူငွေများကို ဆက်လက် လှူဒါန်းသွားမည်ဟု သူက ဆက်ပြောသည်။

“ ရခိုင် ဒုက္ခသည်တွေ အတွက် မြန်မာနိုင်ငံထဲမှာ ဗမာ အမျိုးသားတွေ အပါအ၀င် တိုင်းရင်းသားတွေပါ မကျန်  လှူနေ ကြတာတွေကို တွေ့ရတော့  အားကျမိတယ်။ ၀မ်းလည်း သာမိတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အခု ကျွန်တော်တို့ လှူလိုက်တဲ့ ကျပ်သိန်း ၁၃၀ ကိုလည်း  မလေးရှားငွေ ဖြစ်ရင် သိပ်ကောင်းမှာဘဲလို့ တွေးမိပါတယ်။  နောက်ထက် ပို့ပေးနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မလေးရှား ရခိုင်အဖွဲ့အစည်း MAO ကို မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားများ၏ အခက်အခဲများကို လေ့လာစုံစမ်းပြီး နိုင်ငံတကာရောက် ရခိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းကာ ရခိုင်သား အချင်းချင်း ရိုင်းပင်ကူညီသွားမည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၂၄ ရက်နေ့တွင် ဖွဲ့ စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် အင်းအား ၃၀ ကျော် ရှိသည်ဟု သိရသည်။

လူမှုဝန်ထမ်းနှင့် ပြည်လည်နေရာချထားရေး ညွန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး ထုတ်ဖေါ် ပြောဆိုချက်အရ ရခိုင်ပြည်တွင် ဘင်္ဂလီ အကြမ်းဖက် ဆူပူမှုကြောင့် အိမ်ခြေပေါင်း ၄၀၀၀ ကျော်၊ ဆုံးရှုံးမှု ငွေပမာဏမှာ ကျပ် သန်းပေါင်း ၄၀၀ ကျော်ရှိရာ ယခုအခါ ပြည်တွင်းပြည်ပ အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်းမှာ မြန်မာကျပ်ငွေ သန်းပေါင်း ၃၇၀၀ ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် မီးရှို့မှုများကြောင့် ဒေသခံ ရခိုင်ပြည်သူများမှာ မိမိ အိုးအိမ်ကို စွန့်ခွါပြီး ဒုက္ခသည်အဖြစ် ဘုန်းကြီး ကျောင်းများတွင် ယခုအချိန်ထိ ခိုလှုံနေကြရာ မောင်တောမြို့ပေါ်ရှိ ဗဟိုကျောင်းတိုက်တွင် လူဦးရေ(၄၃၀)ဦး၊ အိမ်ထောင်စု(၉၅)အိမ်၊ ကျား(၂၀၇)ယောက် မ(၂၁၉) ယောက်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ရခိုင်ဒုက္ခသည် စခန်းပေါင်း (၆၃)နေရာ ဌာနဖွင့်လှစ် ပေးထားရာ စာရင်း မှတ် တမ်းများအရ ရခိုင် အမျိုးသား အိမ်ထောင်စု ၂၄၀၉ ခုတွင် အမျိုးသား ၅၀၄၅ ဦး၊ အမျိုးသမီး ၆၄၄၀ ဦး စုစု ပေါင်း ၁၁၄၈၅ ဦးရှိကြောင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>