စီးပွားရေး — May 7, 2012 at 2:19 am

စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို

စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည် ၆၀ ခန့်သည် တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်ထိ ချီတက်ပြီး သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း ပေးရန် တောင်းဆိုခဲ့ကြသည်။

” ကျွန်တော်တို့က အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ အဓိက ဈေးကောက်ခွန် အလွန်မြင့်နေတဲ့ အတွက် ဖြစ်ပါတယ်။ ၈ ပေပတ်လည် အခန်း တစ်ခန်းကို တစ်ရက်ကို ၁၀၀၀ ကောက်ပါတယ်။ အထုတ် တစ်ထုတ်နဲ့ ဆိုက်ကား တစ်စီး ဈေးထဲကို သွင်းရင်လည်း ၁၀၀၀ ကောက်ပါတယ်။ မုန့်တီဆိုင် တစ်ဆိုင်ကို ၇၀၀ ကျပ်၊ ကောက်ညှင်း တစ်ပေါင်းကို ၅၀၀ ကျပ်၊ ယုတ်စွ အဆုံး ပစ္စည်းတွေတင်ပြီး ဆိုက်ကားနဲ့ ဈေးကောက် လိုင်စင်ရထားတဲ့ ဦးခင်မောင်လှ အိမ်ရှေ့က ဖြတ်ရင်လည်း ကောက်ပါတယ်။ မပေးရင် လူမိုက်တွေနဲ့ ရန်ရှာပါတယ်။ ဒီလို ဒဏ်တွေကို မခံနိုင်တဲ့ အတွက် ပြည်နယ် ၀န်ကြီးချုပ်အိမ်ကို သုံးဘီးတွေနဲ့ ချီတက်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ လူပေါင်း ၆၀ ပါတယ်″ ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဈေးသည် တစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် အိမ်ထိ ချီတက်ပြီး တောင်းဆိုသော်လည်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်မရသဖြင့် မြို့နယ် စည်ပင်ရုံးသို့ ချီတက်ကာ ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်း ပေးရန် ဆက်လက် တောင်းဆိုခဲ့ကြသည်။

” ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်မရတဲ့ အတွက် မြို့နယ် စည်ပင်ရုံးကို ကျွန်တော်တို့ ဆက်လက် ချီတက်ကြပြီး ကျွန်တော်တို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။ စည်ပင်ရုံးမှာတော့ စည်ပင်ဝန်ကြီး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ပြည်နယ် စည်ပင် အရာရှိတွေက တွေ့ဆုံပြီး သူတို့က ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အထဲက လူပေါင်း ၂၀ ကို ဒီနေ့ မနက်မှာ ထပ်ချိန်းထားပါတယ်။ စစ်ဆေးလို့ မှန်တယ်ဆိုရင် ဈေးလိုင်စင်ကို ရုတ်သိမ်းမယ်လို့ ပြောပါတယ်″ ဟု သူက ဆက်ပြောသည်။

ဈေးသူ ဈေးသားများ အနေဖြင့် သူတို့ ရင်ဆိုင် ကြုံတွေ့နေရသော ဈေးကောက်ခ မြင့်မားနေမူကို ဗွီဒီယို ရိုက်ပြီး စာရွက် စာတန်း အထောက်အထားများနှင့် တစ်ကွ အထက်ကို တင်ပြသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ၀န်ကြီးချုပ်အိမ်ထိ ချီတက်ပြီး တောင်းဆိုရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

” ကျွန်တော်တို့ တစ်နေ့ ရောင်းလို့ ရတဲ့ အမြတ်က ဈေးကောက်ကို ပေးနေရတာနဲ့ ဘာမှ မကျန်တော့ပါဘူး။ ဒါ့ပြင် ဈေးလာဝယ်ရင်လည်း ကုန်ပစ္စည်းတွေကို ယူသွားတဲ့ အခါ ဈေးဝင်၊ ဈေးထွက်ခ ကောက်တော့ ဘယ်သူမှ ကျွန်တော်တို့ နာဇီရွာ ဈေးက လာမ၀ယ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ စီးပွားရေး အရမ်းထိခိုက်လာပါတယ်။ ဒါကို အထက်ကို အထောက်အထားတွေနဲ့ တင်ပြတယ်။ ဘယ်သူမှ အရေးမစိုက်ဘူး။ ဒါကြောင့် ခုလို အခက်အခဲတွေကို မခံစားနိုင်တော့လို့ ၀န်ကြီးချုပ်ကို တောင်းဆို ရတာဖြစ်ပါတယ်။”

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုလို ပြောသည်။

” အဲဒီ ဦးခင်မောင်လှ (ခေါ်) ဆော်လိမ် ဆိုသူက ထောက်လှမ်းရေးခေတ်ကတည်းက ဒီလို လူထုကို အနိုင်ကျင့်လာတဲ့ သူတစ်ဦးဖြစ်တဲ့ အတွက် အခုလည်း လူထုကို အဲသလိုမျိုး အနိုင်ကျင့်နေတယ်။ သူနဲ့ ပတ်သက်ပြီး တိုင်တန်းတဲ့ စာတွေလည်း ကျွန်တော်တို့ အများကြီး လက်ခံရရှိပါတယ်။ ဒီကိစ္စကို မဖြေရှင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ပြည်နယ် အစိုးရ အဖွဲ့ကိုလည်း ကျွန်တော်တို့ ဒီကိစ္စကို အသိပေးထားပါတယ်″ ဟု ပြောသည်။

ဦးခင်မောင်လှသည် နာဇီရွာ ဈေးတွင် ထိုသို့ ဈေးကောက်ခကို ထင်သလို တိုးမြှင့်ကောက်နေသည်သာမက အဆိုပါ ဈေးမှ ပေ ၁၅၀၀ ခန့်ကွာဝေးသော အေးသာယာလမ်း စက်ရုံစု ရပ်ကွက် အမှတ် (၃) မူလတန်းကျောင်းရှေ့၌ မရှိဆင်းရဲသားများ တရားမ၀င် ရောင်းချနေသော ဈေးတွင်လည်း အခွန်အခများကို မည်သည့် အထက်အရာရှိမှ ခွင့်ပြုချက် မရှိဘဲ ကောက်ခံနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ယခင် စစ်တပ်နှင့် ရင်းနှီးသူများ၊ ထောက်လှမ်းရေးကို လက်ကိုင်ပြုပြီး ကြီးပွားနေသူများသည် ဈေးကောက် လိုင်စင်၊ ငါးဖမ်းကွက် လိုင်စင်၊ ပုဇွန်ကန် လိုင်စင် စသည်များကို ယခုအချိန်ထိ လက်ဝယ် ရရှိထားပြီး လူုထု အပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံ ဖြတ် ဂုတ်သွေး စုတ်နေကြကြောင်း သိရသည်။

ယခု ကဲ့သို့ စစ်တွေမှ ဈေးသည်များ ဈေးကောက်ခ လျှော့ချရန် ၀န်ကြီးချုပ် အိမ်ထိ သွားရောက် ဆန္ဒပြ တောင်းဆိုမူမှာ ယခု အကြိမ်သည် ပထမဆုံး ဖြစ်ကြာင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>