သတင်း — November 28, 2012 at 2:16 pm

အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦး အတွက် တရားဥပဒေနှင့်အညီ ဖြစ်စေရန် ငြိမ်းချမ်းစွာ တောင်းဆိုမည်

မင်းဆက်ခိုင်

ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်  (၄) လ ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံထားရသော ရခိုင် အမျိုးသမီးငယ် တစ်ဦး၏ အမူကို တရားဥပဒေနှင့် အညီ စစ်ဆေးနိုင်ရန် ရခိုင်အမျိုးသားများက ငြိမ်သက်စွာ တောင်းဆိုသွားမည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးငယ်၏ အမူကို မရမ်းကုန်း ရှစ်မိုင် တရားရုံးတွင် လာမည့် နိုဝင်္ဘာလ ၃၀ နေ့တွင်ရုံးတင် စစ်ဆေးမည် ဖြစ်ရာ အဆိုပါ တရားရုံးရှေ့တွင် ရခိုင်အမျိုးသားများက ငြိမ်သက်စွာ တောင်းဆို သွားမည် ဖြစ်ကြောင်း ကျေညာချက် တစ်ခုတွင် ဖေါ်ပြသည်။

လက်ရှိ အင်းစိန်ထောင်တွင် အမူ မစစ်ဘဲ ( ၄) လ ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံ ထားရသော ရခိုင်အမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆင်တန်းရှောင် ကျေးရွာမှ မစုစုလှိုင် (အသက် ၂၆ နှစ်)  ဖြစ်သည်။

မစုစုလှိုင်အား ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၈)မိုင်ရှိ ဒေါ်ခင်ရွှေဦးက တရားစွဲဆိုသဖြင့် ဇူလိုင်လ ၈ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“  မစုစုလိုင်က ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဇွန်လ အရေးအခင်းကြောင့် မွတ်ဆလင် အမျိုးသမီး ဒေါ်ခင်ရွှေဦး ဆိုင်မှာ အလုပ်မလိုတော့တဲ့ အတွက် အလုပ်က ထွက်လိုက်ပါတယ်။ ဒါကို ဆိုင်ရှင်မက လူမျိုးရေးအရ အခဲမကျေတဲ့ အတွက် ငွေစာရင်း အတုပြုလိုက်ပြီး တစ်လကျော် အကြာမှာ ရဲကို တိုင်ပြီး တရား စွဲတယ်။အဲဒီ အချိန် ကတည်းက အမူ တစ်စုံတစ်ရာ မစစ်ဆေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်” ဟု ရန်ကုန် အခြေစိုက် ရခိုင်လူမှုရေးအသင်းတခုမှာ ခေါင်းဆောင်တဦးက ပြောသည်။

သူမအား  ဖမ်းဆီးပြီးနောက် ရုံးတင် စစ်ဆေးခြင်း တစ်စုံတစ်ရာ မရှိဘဲ မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် ၂၇ ရက်တိုင်တိုင် ချုပ်နှောင်ထားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် အင်းစိန်ထောင်ရှိ `အမျိုးသမီး´ အချုပ်ခန်းသို့ ပြောင်းပြီး ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ ယခုဆိုလျှင် အင်းစိန် ထောင်တွင် ချုပ်နှောင် ခံထားရသည်မှ  ၄ လ ကျော် ရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။

သူမအား တစ်စုံတစ်ရာ ရုံးတင် စစ်ဆေးခြင်း မရှိဘဲ (၄) လကျော်ကြာ အာဏာပိုင်များက ချုပ်နှောင် ထားသည်မှာ လုံးဝ လက်ခံနိုင်စရာ မရှိသဖြင့် ရခိုင်အမျိုးသားများက တည်ဆဲ တရား ဥပဒေနှင့် အညီ ဆောင်ရွက်ရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

“  ကျွန်တော်တို့ကြားတာက ဒေါ်ခင်ရွှေဦးက အရမ်းချမ်းသာတယ်လို့ ကြားတယ်။ ပီးရင် မစုစုလိုင် ထွက်သွားတုန်းက တရားမစွဲဘဲ တစ်လကျော်ကြာမှ တရားစွဲတယ်ဆိုတော့  ဒီကိစ္စက နည်းနည်း စဉ်းစား စရာ ဖြစ်နေပါတယ်” ဟု ဆိုသည်။

အစပိုင်းတွင် မစုစုလိုင်၏ ဖြစ်စဉ်အား ရခိုင် အမျိုးသားများက မသိရှိကြဘဲ ယခုနောက်ပိုင်းတွင် သိရှိလာကြသဖြင့် အာဏာပိုင်များ၏ လုပ်ရပ် အပေါ် မကျေနပ်မူများလည်း တိုးပွားနေသည်ဟု ရခိုင် နိုင်ငံရေး အကျဉ်းသမားဟောင်း တစ်ဦးဖြစ်သူ ကိုမိုးသီး (ခေါ်) အောင်မိုးဇော်က ပြောသည်။

“ အဲဒီ မွတ်ဆလင်အမျိုးသမီးက အငြိုးထား မတရား လုပ်ကြံတာလားဆိုတာ ပေါ်လွင်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ ရခိုင်လူထုကြားမှာ မကျေနပ်မှုတွေ တိုးပွားနေပါတယ်။ ကျနော်တို့လည်း ဒီလို မတရားမှုဖြစ်တဲ့ အတွက် အဲဒီရခိုင်မလေးအတွက် လိုက်လံ လုပ်ဆောင်ပေးနေပါတယ်” ဆိုသည်။

အမူ အမှန်တရား ပေါ်ပေါက်ရေးနှင့် ဥပဒေနှင့် အညီ ဖြစ်စေရန် တောင်းဆို သွားမည်ဟုလည်း ရန်ကုန်ရောက် လိုင်မြို့နယ်မှ ရခိုင် ရဟန်းတော် တစ်ပါးဖြစ်သည့် ဦးဥာဏက ပြောသည်။

“ ဒီလ ၃၀ ရက်နေ့ကျရင် အဲဒီ အမျိုးသမီးငယ်ကို ထပ်ပြီးတော့ ရုံးတင်မယ်။ မရမ်းကုန်း တရားရုံး မှာပဲ။ ဦးဇင်းတို့လည်း သွားမယ်။ တခြားသူတွေကိုလည်း ဖုန်းနဲ့လည်း အကြောင်းကြားထားပြီးပြီ။ စာရွက်ဖြန့်ဝေ ပြီးတော့လည်း အကြောင်းကြားထားပြီ။ ဒီကိစ္စက လုံးဝ ဒီအတိုင်းနေလို့မရဘူး” ဟု ဆိုသည်။

၎င်းပြင် ရန်ကုန်မြို့တွင် ငွေများ တရားနိုင် အခြေအနေများကြောင့် ဆင်းရဲချို့တဲ့သူ ရခိုင်မှ လာရောက် နေထိုင်သူများ အနေဖြင့် မတရားသဖြင့် ခံနေရမူများလည်း ရှိသည်ဟု ဦးဇင်းက ပြောသည်။

“ ဒီလိုပဲ ဦးဇင်းတို့ ရခိုင်တွေ ခံလာရတာ မနည်းတော့ဘူး။ ဒီလ ၁၁ ရက်နေ့ကလည်း တောင်ဥက္ကလာပ မြို့နယ်မှာ ၈ တန်းကျောင်းသူ ရခိုင် ကောင်မလေး တယောက်ကို အိမ်ထောင်သည် မွတ်ဆလင်တဦးက အဓ္ဓမ ပြုကျင့်ဖို့ အတွက် ကြိုးပမ်းတာကို အိမ်နီးနားချင်းတွေက မိလို့ ရဲလက်ကို အပ်လိုက်တယ်။ အဲဒါကို အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်။ အဲလိုမျိုးတွေရှိတယ်။ ဒီတော့ ဒီကိစ္စ မှာလည်း အမှန်တရားပေါ်ဖို့ အတွက် ဦးဇင်းတို့လည်း ကိုယ်နိုင်တဲ့ဘက်က ကိုယ်လုပ်သွားမှာပဲ” ဟု ဆိုသည်။

နိုဝင်္ဘာလ ၃၀ ရက်နေ့ နံနက် ၁၀နာရီတွင် မစုစုလှိုင်အား မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးတင် စစ်ဆေး မည်ဖြစ်ရာ အဆိုပါ ရုံးတင်မည့်နေ့တွင် ရခိုင်သားများအား သွားရောက်ပြီး တရား ဥပဒေနှင့် အညီ ဖြစ်စေရန် ငြိမ်သက်စွာ တောင်းဆိုသွားကြမည်ဟု သိရသည်။

တရားလိုနှင့် မရမ်းကုန်းရဲစခန်းသို့ အကြောင်းစုံ သိရှိနိုင်အောင် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>