သတင်း — June 6, 2012 at 10:28 pm

ဒဏ်ရာ ပြင်းထန်တဲ့ စစ်တွေက လူနာ ၄ ဦး ရန်ကုန်သို့ လေယာဉ်နဲ့ ယူဆောင်

ရဲမှ ပစ်ခတ်သဖြင့် စစ်တွေ ဆေးရုံတွင်  အတွင်းလူနာ အဖြစ် တင်ထားရသော လူ (၁၀) ဦးထဲက ၄ ဦးကို ဒဏ်ရာ ပြင်းထန်သဖြင့်  ရန်ကုန်သို့  ယနေ့တွင် ယူဆောင်သွားကြောင်း သိရသည်။

စစ်တွေ ရဲစခန်းကို လူအုပ်ကြီး ၀ိုင်းနေစဉ်

ယူဆောင်သွားသူများထဲတွင် ၁။ ကိုရင် ရှင်ဝဏ္ဍသာရ (သာသနာ ရာမကျောင်းတိုက်) ၂။ မောင်မြဟန် (၂၈ နှစ်) ဦးဥတ္တမ ပန်းခြံ – ဘယ်ပေါင် ပေါက်ပြဲ  ၃။  ဦးကျော်အေးနိုင် (၂၅ နှစ်) ဘယ်ခြေ ချင်းဝတ် ဒဏ်ရာရ ၄။ ဦးနီထွန်း (၂၈ နှစ်) တရားသီးစု ရပ်ကွက်-  ညာပေါင် ပေါက်ပြဲ တို့ ဖြစ်သည်။

“ ဟုတ်ပါတယ်။ သူတို့ ၄ ဦးကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကို ယူသွားခဲ့ပါတယ်။ ရန်ကုန် အရိုးကု အထူးဆေးရုံကြီးမှာ ကုသ ပေးမယ်လို့ ပြောပါတယ်။ မနေ့က ကျွ့န်တော်တို့ လွှတ်တော် အမတ်တွေနဲ့ ပြည်နယ် အစိုးရ အဖွဲ့ တွေ့တဲ့ အခါ ဒီလို ယူဆောင်သွားမယ်ဆိုတာကို ပြောပါတယ်။ ကျွန်တော်တို့ အမတ်တွေကလည်း လက်ခံပါတယ်။” ဟု ရတပ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

ဒဏ်ရာ ရရှိသူများ အားလုံးကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ကျပ် (၂) သိန်းစီ ထောက်ပံ့ပေးကြောင်း သိရသည်။ ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင်ကိုယ်တိုင် စစ်တွေ ဆေးရုံကြီးသို့ ဇွန်လ ၆ ရက်နေ့ နံနက်က သွားရောက် ပြီးထောက်ပံ့ပေးကြောင်း ဆိုသည်။

“ ဒဏ်ရာရသူက ၁၂ ဦးပါ။ ၂ ဦးက သက်သာတဲ့ အတွက် ဆေးရုံက ဆင်းသွားပါပြီ။ ကျန်တဲ့ ၁၀ ဦးကို ပြည်နယ် အစိုးရက လူနာ တစ်ဦးကို ကျပ် ၂ သိန်းစီ ထောက်ပံ့ပေးပါတယ်။ ရန်ကုန်ကို ယူသွားတဲ့ လူနာတွေကိုလည်း ခရီးစရိတ်က အစ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လောက် ထောက်ပံ့တယ်ဆိုတာတော့ ကျွန်တော်တို့လည်း တိတိကျကျ မသိပါဘူး” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ကျန်နေသော လူနာများ အခြေအနေနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စစ်တွေ ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ သူတို့အနေဖြင့် ယခု လူနာများ အခြေအနေကို ပြင်ပ သတင်းဌာနများသို့ ပြောပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

ဇွန်လ၃ ရက်နေ့ ဖြစ်ပွားခဲ့သော ရဲမှ အကြမ်းဖက် ဖြိုခွင်းမူတွင် ဒဏ်ရာရသူ ၁၂ ဦးရှိပြီး ဖမ်းဆီးခံရသူ ၉ ဦးရှိသည်။ ဖမ်းဆီးခံရသူများထဲမှ ၃ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကာ နောက်ထပ် ၆ ဦးကို စစ်ဆေးနေတုန်း ဖြစ်ကြောင်း သိရသည်။

“ သူတို့အထဲက ၂ ဦးကိုသာ ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပြီး ကျန်တဲ့သူတွေ အကုန်လုံးကို ပြန်လည် လွှတ်ပေးမယ်လို့ ပြောပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇံမြင့်လည်း မနေ့က တွေ့ဆုံပွဲကို တက်ရောက်ပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် အစိုးရသည် ယမန်နေ့က ပြည်နယ် အစိုးရ ခန်းမတွင် စစ်တွေတွင် ရှိနေကြသော လွှတ်တော် အမတ်များ၊ မြို့မိ မြို့ဖများ၊ နာမည်ကြီး မူဆလင် စီးပွားရေး သမားများကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ် နေရာ (၃) ခုတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်ဟု သိရသည်။

၎င်းပြင် တက်ရောက်လာသူများအား လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်းများ မဖြစ်ပေါ်ရအောင် ထိန်းသိန်း ကြပ်မတ်ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သတင်း ရရှိသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>