နယ်စပ်ရေးရာ — June 9, 2012 at 7:37 am

မီးရှို့ခံရသော ကျေးရွာများမှ ပြည်သူများ ဆက်လက် အကာအကွယ်မဲ့နေ

မောင်တောမြို့နယ် တောင်ပိုင်းတွင် မီးရှို့ခံခဲ့ရသော ကျေးရွာ (၇) ရွာမှ ကျေးရွာသားများမှာ ယခုအချိန်ထိ အကာအကွယ်မဲ့နေကြောင်း မီးရှို့ခံလိုက်ရသည့် ကျေးရွာသား တစ်ဦးက ပြောသည်။

“ အခုအချိန်ထိ ကျွန်တော်တို့ ပြာပုံပေါ်မှာ ထိုင်နေကြရပါတယ်။ ဘယ်သွားလို့ ဘာလုပ်ရမလဲ ဆိုတာတော့ မသိရသေးဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း အခု နံနက် ၇ နာရီ ရှိနေပါပြီ မရောက်သေးပါဘူး” ဟု မောရ၀တီ ရွာသား တစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့ နေ့လည်ပိုင်းက မီးရှို့ခံလိုက်ရသော မောရ၀တီသို့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ  ရောက်ရှိလာခြင်း  မရှိသေးကြောင်း သူက ပြောသည်။

မောင်တော တောင်ပိုင်းတွင်  မီးရှို့ခံလိုက်ရပြီ လုံးဝ ပြာကျသွားသော ကျေးရွာ (၇) ရွာရှိပြီး အဆိုပါ ကျေးရွာများမှာ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ သရေကုန်ဘောင်၊ ကိုင်းကြီးရွာနှင့် မောရ၀တီတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မောရ၀တီမှာ ရဲတပ်ဖွဲ အင်အား ၅  ဦးနဲ့ ကင်းစခန်းရှိပါတယ်။ ဆူပူလိုတဲ့ လူအုပ်ကြီး တက်လာတဲ့ အခါ သေနတ်နဲ့ ပစ်ပါတယ်။ မိုးပေါ်ထောင်ပစ်တာကို သိတော့ ဆက်လက် တက်လာပြီး တစ်ရွာလုံးကို ပြာကျအောင် မီးရှို့သွားတာပါဘဲ။ နောက်ဆုံး ရဲတွေလည်း ထွက်ပြေးသွားရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့  လုံခြုံရေး တပ်ဖွဲ့ဝင်များ အချိန်မီ  မရောက်ရှိလာသဖြင့် ကလေးငယ်များနှင့် အမျိုးသမီးများ လုံခြုံရေးကို အထူးစိုးရိမ်နေရကြောင်း သူက ပြောသည်။

ယမန်နေ့ညဥ့်တွင် မောင်တောမြို့ထဲတွင် တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ခဲ့သော်လည်း နေရာ အနှံ့အပြားမှ သေနတ်ပစ်ခတ်သံများ တညဥ့်လုံး ကြားရသည်ဟု မောင်တော မြို့ခံများက ပြောသည်။

“ တညဥ့်လုံး ပစ်ခတ်သံတွေ ကြားရပါတယ်။ ဘယ်နေရာမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ မောင်တောမြို့ထဲမှာတော့ အခုအခါ ငြိမ်သက်နေပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ ဦးကျော်ဇံက ပြောသည်။

မောင်တောတွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး ပစ်မိန့်ပေးထားပြီ ဖြစ်သဖြင့် ယနေ့တွင် ယမန်နေ့ကလို အခြေအနေ ဆိုးရွာတော့မည် မဟုတ်ဟု သူထင်ကြောင်း အောင်ဗလ ကျောင်းဆရာတော်က ပြောသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>