သတင်း — June 11, 2012 at 8:13 am

မောင်တော အဓိဂရုဏ်းမှ ထွက်ပြေးလာသူများ ဘူးသီးတောင်သို့ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာ

လွန်ခဲ့သော သောကြာနေ့က ကျေးရွာများ မီးရှိုခံရပြီး အသက်လု ထွက်ပြေး လာကြသော ဒုက္ခသည်များမှာ တသုတ်ပြီး တသုတ် ဘူးသီးတောင်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

မောင်တောမြို့ ခိုလုံနေကြသော ဒုက္ခသည်များ။

“ မနေ့က မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်ဘောင်က လူပေါင်း ၁၅၀ ပါတဲ့ အုပ်စု တစ်ခု ရောက်လာပါတယ်။  သူတို့ကို အခု ဘူးသီးတောင် မြို့မ အလက (၁) မှာနေရာ ချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး  လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

၎င်းနောက်ပိုင်းတွင် တစ်ခြားရောက်ရှိလာသော အုပ်စု တစ်စုမှာ လူပေါင်း ၁၃၀ ပါဝင်ပြီး ကိုင်းကြီး  ကျေးရွာမှ ဖြစ်သည်။ ၎င်းပြင် သုံးမိုင်မှ လူ ၅၀ ပါ အုပ် စု တစ်စုလည်း ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

“ သရေကုန်ဘောင်နဲ့ ကိုင်းကြီးက လူတွေက မေယူတောင်ကို တစ်နေ့နဲ့ တစ်ည ဖြတ်ကျော်ပြီးမှ ဘူးသီးတောင်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ လမ်းမှာ ထမင်းငတ်ခဲ့ကြတဲ့ အတွက် လူတွေက တော်တော် နွမ်နယ် ပင်ပန်းနေကြပါတယ်။ အကုန်လုံးကို မြို့မ အလက ၁ မှာ နေရာချပေးထားပါတယ်” ဟု သူက ဆက်ပြောသည်။

သရေကုန်ဘောင်ကျေးရွာတွင် လူပေါင်း ၅၀၀ ခန့်ရှိပြီး ဘေးလွတ်ရာကို ထွက်ပြေးကြရာတွင် ထိုအထဲမှ ၁၅၀ မှာ ဘူးသီးတောင်သို့ ရောက်ရှိလာပြီး ကျန်လူများမှာ မောင်တောသို့ ရောက်ရှိသွားကြောင်း ဒေသ အတွင်းက လာသော သတင်းများ အရ သိရသည်။

ယခုအခါ မောင်တောမြို့နယ်မှ ထွက်ပြေးလာသူများ အပြင် တစ်ခြား ဘူးသီးတောင်နယ်မှ ထွက်ပြေးလာသူ ရခိုင်၊ ဒိုင်းနက်၊ ဗမာ၊ သက် လူမျိုး အရေအတွက်မှာ စုစုပေါင်း ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။

“ အခု ပြဿနာက ဘူးသီးတောင်မှာ ဆန်လုံးဝ မရှိဘူး။ စစ်တွေက သင်္ဘောမလာတာလည်း သုံးလေးရက်ရှိနေပြီဆိုတော့ ဆန်က လုံးဝ ရှားနေပြီ။ အာဏာပိုင်တွေဘက်ကလည်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူအညီ မပေးနိုင်ဘူး။ အခု ပြဿနာက ဆန်မရှိတဲ့ ပြဿနာပါ” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့နယ်မှာ လူဦးရေ ထူထပ်ပြီး ဒေသ အတွင်းက ထွက်သော ဆန်နှင့် မလုံလောက်သဖြင့် တစ်ခြား ဒေသများမှ ဆန်များကို မြို့နယ် အတွင်း လူထု အနေဖြင့် မှီခိုအားထားနေကြရသည်။

“ အခု ဘူးသီးတောင် UN  မှာတော့ ဆန်ရှိတယ်။ အဲဒါကို နည်းနည်း အကူအညီပေးဖို့ သွားပြောနေကြတယ်။ ရတော့ မရသေးဘူး။ တစ်ခြား ဘယ်နေရာမှ ဆန်မရှိဘူး ဖြစ်နေပါတယ်။ ဈေးဆိုင်တွေလည်း အကုန်လုံး ပိတ်ထားတယ်။ နောက်ထပ် သုံးလေးရက် အတွင်း စစ်တွေက ဆန်မလာရင် အများစု ထမင်းငတ်နိုင်တဲ့ အနေအထား ရှိပါတယ်” တခြား ကယ်ဆယ်ရေး လုပ်နေသူ  တစ်ဦးက ပြောသည်။

ဒုက္ခသည် အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ များလာနေသဖြင့် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ဆန်များ အချိန်မှီ ဘူးသီးတောင်သို့ ရောက်ရှိအောင်  မတင်ပို့နိုင်ပါက အခြေအနေမှာ ဆိုးရွားသွားးနိုင်ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>