နယ်စပ်ရေးရာ, သတင်း — June 15, 2012 at 12:02 pm

ဘေးလွှတ်ရာကို ထွက်ပြေးရာမှ ဘူးသီးတောင်သို့ ရောက်ရှိသွားသူ ဒုက္ခသည်များကို မောင်တောသို့ ပြန်ခေါ်လာ

ကျေးရွာများ မီးရှို့ခံရပြီး အသက်လု ထွက်ပြေးခဲ့ကြရသော မောင်တောင်မြို့နယ် တောင်ပိုင်းမှ ဒုက္ခသည် ၃၀၀ ကျော်ကို အာဏာပိုင်များက ဘူးသီးတောင်ကနေ မောင်တောသို့ ယမန်နေ့က ပြန်လည် ခေါ်ယူလာကြောင်း သတင်း ရရှိသည်။

“ သူတို့က မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုင်းကြီး၊ သရေကုန်ဘောင်မှာ နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ရွာတွေ မီးရှို့ခံရတော့ မေယူတောင်ကို ကျော်ဖြတ်ပြီး  ထွက်ပြေး သွားကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ မနေ့က အာဏာပိုင်တွေက ဘူးသီးတောင်ကနေ မောင်တောကို ကားတွေနဲ့ ပြန်ခေါ်လာပြီး မောင်တောမှာ နေရာချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ပြန်လည်ခေါ်ယူလာသူ ရွာသား အရေအတွက်မှာ ၃၀၀ ကျော်ဖြစ်ပြီး ထိုအထဲမှ ၂၇၀ အား ရပ်ကွက် (၃) မူလတန်းကျောင်းတွင် နေရာချပေးထားကာ ၇၂ ဦးကို အမှတ် (၁) ရက်ကွက် မူလတန်းကျောင်းတွင်  နေရာချပေးထားသည်ဟု သူက ပြောသည်။

“ သူတို့ကိုတော့ အုပ်စု (၂) ခုခွဲပြီး နေရာချပေးထားပါတယ်။ အဲဒီအထဲမှာ ကျောင်းဆရာမတွေလည်း အတူပါလာတာကို တွေ့ရပါတယ်။ သူတို့အတွက် ထမင်းကိုတော့ မြို့ထဲက လူတွေက ထမင်းထုတ် ကောက်ပြီး သွားပို့နေပါတယ်” ဟု သူက ဆက်ပြောသည်။

မောင်တောတောင်ပိုင်းရှိ ကျေးရွာတချို့တွင် စာပြနေသော ဆရာမ အများအပြားလည်း ဆူပူ အကြမ်းဖက်မူ အတွင်း ပျောက်ဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

“ ဆရာမတွေက ရွာသားတွေနဲ့ အတူ ထွက်ပြေး လွှတ်မြောက်သွားခဲ့ကြပါတယ်။ အများစု ဆရာမတွေက မိဘတွေရှိတဲ့ နေရပ်ရင်းတွေကို ပြန်သွားကြတယ်လို့ သိရပါတယ်။ သူတို့ ခုလို အေးအေးချမ်းချမ်း ဖြစ်သွားတာကို ကြားရတဲ့ အတွက် ဒေသခံတွေကတော့ စိတ်ချမ်းသာရာ ရခဲ့ကြပါတယ်” ဟု သူက ပြောသည်။

ယခုအခါ မောင်တောမြို့ပေါ်တွင် ကယ်ဆည်ရေး စခန်း (၇) ခုဖွင့်လှစ်ပြီး ဒုက္ခသည် တစ်သောင်းကျော်ကို လက်ခံထားကြောင်း သိရသည်။ ယခုလက်ရှိ မောင်တောတွင် ခိုလုံနေသူ ဒုက္ခသည်များမှာ အစိုးရနှင့် တခြား အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော်လည်း လူဦးရေများသဖြင့် ကူညီ ထောက်ပံ့မူများနှင့် မလုံမလောက် ဖြစ်နေကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်တွင် မြို့မ အလက (၁) တွင် ဒုက္ခသည် တစ်ထောင်ကျော် ဆက်လက် ခိုလုံနေတုန်း ဖြစ်ပြီး အများစုမှာ မောင်တောမြို့နယ်မှ တောင်ကျော် ထွက်ပြေးလာသူများ ဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>