နယ်စပ်ရေးရာ — June 26, 2012 at 11:45 am

ရခိုင် ငြိမ်းချမ်းရေး အဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ရန် တောင်းဆို

မောင်အေး

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် အတွင်း နေရာချထားပေးထားသော ရခိုင်ငြိမ်းချမ်းရေး တပ်ဖွဲ့များ အနေဖြင့် သူတို့အား တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

မောင်တောမြို့တွင်ခိုလှုံနေရသည့် ဒုက္ခသည်တချို့အား အာဏာပိုင်များလာရောက်အားပေးစဉ်

၂၀၀၁-ခုနှစ် လက်နက်ချသွားသည့် ရခိုင်ပြည်တပ်တော် (အေအေ)နှင့် ၁၉၉၇-ခုနှစ် လက်နက် ချသွားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်)အဖွဲ့များမှ သူတို့အား နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးရန် ရခိုင်ပြည် နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအား တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

“ ဒီနယ်စပ်မှာ ဆက်နေမယ်ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ မရှိရင် ဆက်လက် နေထိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း သူတို့တာဝန် ပီးဆုံရင် ပြန်ကြတော့မယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန် ယူမှာလဲ။ အဲဒီတော့ ကျွန်တော်တို့ကို လုံခြုံရေး ကျွန်တော်တို့ ယူရမယ်။ ဒါကြောင့် ကျွန်တော်တို့ကို တခြားတိုင်းရင်းသားဒေသတွေမှာလို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးပေးပါဆိုပြီး တောင်းဆို တင်ပြထားပါတယ်” ဟု အမည်မဖေါ်လိုသူ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောသည်။

သို့သော်လည်း အဆိုပါ တင်ပြထားချက်နှင့် ပတ်သက်ပြီးး တစ်စုံတစ်ရာ အဖြေမရရှိသေးကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းခွင့်မရပါက လုံခြုံရေး အရ သူတို့ အနေဖြင့် မောင်တော ဒေသတွင် နေထိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။ e

ဒေသခံ တိုင်းရင်းသားများမှလည်း  ရေရှည် သူတို့ဘ၀ လုံခြုံရေး အတွက် နယ်စပ်တလျှောက်တွင် ပြည်သူ့စစ် အသွင် တပ်ဖွဲ့များ ဖွဲ့စည်းပေးရန် လိုလားနေကြပြီး နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ နယ်စပ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုလားနေကြသည်ဟု သိရှိရသည်။

ယခုကဲ့သို့ လိုလားနေကြောင်းကို ဇွန်လ ၂၅ ရက်နေ့က မောင်တောမြို့တွင် ပြု လုပ်သည့် အစည်းအဝေးတွင် ဒေသခံ လူကြီးများက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ တင်ပြချက်အပေါ် ခရိုင် အုပ်ချုပ်ရေးမှူးက ယခုလို ပြန်လည် ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

“ ခရိုင်မှူးပြောတာက ခင်ဗျာတို့ အိမ်ပြန်နေချင်လည်း နေကြပါ။ ကျွန်တော်တို့ကတော့ အတင်းမပြောင်းခိုင်းပါဘူး။ ဒီမှာ တပ်ရင်းတွေလည်း လုံခြုံရေးချထားတယ်။ ဒီက လုံခြုံရေးတွေ ရုတ်သွားရင်လည်း ခင်ဗျာတို့ ရေရှည် လုံခြုံ ဖို့အတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းပေးဖို့ အထက်ကလူကြီးတွေလည်း စဉ်းစားနေတယ်လို့ ပြောဆိုသွားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး အဆိုကို မကြာမီကျင်းပတော့ လွှတ်တော်အစည်းအဝေးတွင်လည်း တင်ပြ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ရခိုင်လွှတ်တော် အမတ် တစ်ဦးက ပြောဆိုသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>