Advertising
English News

ANP ပါတီမှ ဦးလှမြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်တွင် လျှောက်လွှာတင်

နိရဉ္စရာ၊ ဇူလိုင် ၇

36797029_1989557494389651_2580876320959365120_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ လစ်လပ်နေသည့် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေတွင် ပါဝင်ယှဉ်ပြိုင်ရန် ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှမြင့်သည် စစ်တွေခရိုင် ကော်မရှင်ရုံးတွင် ယနေ့ လျှောက်လွှာ တင်လိုက်သည်ဟု သတင်းရရှိသည်။

“ ကျွန်တော်က ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်မှာ စစ်တွေခရိုင်ကော်မရှင်ရုံးကို သွားရောက်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ ဒီကနေ့ ရုံးပိတ်ရက် ဖြစ်ပေမယ့် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ လျှောက်လွှာတင်နိုင်အောင် ကော်မရှင်ရုံးရော၊ ဘဏ်ကိုရော ဖွင့်လှစ်ပေးထားပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်က ပြောကြားသည်။

ဦးလှမြင့်သည် BSc (သင်္ချာ)နှင့် BED ဘွဲ့ ကို ရရှိထားသူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် အတွင်းရေးမှူးနှင့် ပါတီ၏ ဗဟိုကော်မတီ ၀င်တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

“ ရသေ့တောင်မြို့နယ် ဆိုတာက ရခိုင်ပြည်နယ် အနောက်တံခါးရဲ့ အရေးပါတဲ့ မြို့နယ် တစ်ခု ဖြစ်ပါတယ်။ ဒီမြို့နယ်ဟာ တစ်ခြားမြို့နယ်တွေစာရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးက အစ အဘက်ဘက် နောက်ကျ ကျန်နေခဲ့တဲ့ အတွက် ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရသေ့တောင် ဒေသခံ တစ်ဦးအနေနဲ့ အတတ်နိုင်ဆုံး လွှတ်တော်လမ်းကြောင်းထဲကနေ ပါဝင် ဆောင်ရွက်လိုတဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးလှမြင့်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဦးလှမြင့်သည် ပါတီတွင်း ရွေးချယ်ပွဲတွင် နောက်ထပ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းလင်းကို အနိုင်ရရှိပြီးနောက် ခုနှစ်ရက်အကြာတွင် ခရိုင် ကော်မရှင်တွင် လျှောက်လွှာတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးလှမြင့်နှင့် ဦးထွန်းထွန်းလင်းတို့ ၏ ပါတီတွင်း ရွေးချယ်ပွဲကို ဇွန် ၃၀ ရက်နေ့က ရသေ့တောင် မြို့တွင် ကျင်းခဲ့ရာ ဦးလှမြင့်က ၁၁၆ မဲ၊ ဦးထွန်းထွန်းလင်းမှ ၇၃ မဲ ရရှိခဲ့ကြောင်း သိရှိရသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် ကွယ်လွန်သွားခဲ့သော ANP ပါတီ ဒုဥက္ကဋ္ဌ ဦးဖိုးမင်း၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာ လစ်လပ်နေရာ ၎င်းနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီနှင့် ပါတီမှတ်ပုံမတင်ရသေးသည့် အဖရခိုင်ပါတီမှ ဒေါက်တာ အေးမောင်၏သား ဦးတင်မောင်ဝင်း (တစ်သီးပုဂ္ဂ) တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။