Advertising
English News

ANP ၏ ရသေ့တောင်မြို့နယ်ရုံးသစ်ဖွင့်လှစ်

စံမောင်သန်း
နိရဉ္စရာ၊ စက်တင်ဘာ ၁

40552111_2081089788569754_486568190604738560_n

ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ရုံးသစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ယနေ့ နံနက် ၎င်းရုံးတည်ရှိရာ ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ရုံးဖွင့်ပွဲတွင် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူခဲ့ကြကြောင်း၊ ရုံးဆိုင်းဘုတ်ကို မြို့နယ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ ဒီလိုရုံးက မြို့နယ်တိုင်းမှာ လိုအပ်ပါတယ်။ ပါတီလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်တဲ့ နေရာမှာ မြို့နယ်ပါတီရုံးက အရေးကြီး ပါတယ်။ ဒီအတွက် ကြိုးစားပြီးတော့ မြို့နယ်အတွင်းက စုဆောင်းရရှိထားတဲ့ ငွေတွေ၊ ပါတီဝင်တွေက ထည့်ဝင်တဲ့ ငွေတွေ၊ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ တည်ဆောက်တာဖြစ်ပါတယ်။ စုစုပေါင်း သိန်း ၅၀၀ခန့် ကုန်ကျပါတယ်” ဟု ဦးဦးသန်းနိုင်က ပြောကြားသည်။

ယခု ဖွင့်လှစ်ခဲ့သည့် မြို့နယ်ရုံးတွင် ပါတီလုပ်ငန်းများကို ဆောင်ရွက်မည့် အပြင် မြို့နယ်အတွင်း လိုအပ်မည့် အရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။

40516083_2081089968569736_7626237466575372288_n

“ကျနော်တို့ ဒီရုံးမှာ ရသေ့တောင်မြို့နယ်က ငွေကြေးမတတ်နိုင်တဲ့ ၉ တန်း၊ ၁၀ တန်း ကျောင်းသားတွေအတွက် ကျူရှင်တွေ သင်ပြနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်သလို လူငယ်တွေ အတွက် စာကြည့်တိုက်တို့၊ ကျန်းမာရေးနဲ့ စာရိတ္တကောင်းမွန်ရေးအတွက် အားကစား လုပ်နိုင်တဲ့ (ဝိတ်ရုံ) တစ်ခုကိုလည်း စီစဉ်ပေးသွားမှာဖြစ်ပါတယ်”ဟု ဦးဦးသန်းနိုင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

၎င်းပြင် ထိုရုံးသစ်ဖွင့်ပွဲ အပြီးတွင် အဆိုပါ ရုံးခန်းမဆောင်တွင် ပါတီဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကိုလည်း ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရုံးဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုး၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော် (၃) ရပ်မှ ကိုယ်စားလှယ်များ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ရသေ့တောင်မြို့နယ်ရပ်ကျေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

40628650_2081090118569721_5318370703131541504_n

ယနေ့ ပြုလုပ်ခဲ့သည့် ပါတီမျက်နှာစုံညီ အစည်းအဝေးတွင် ပါတီစည်းရုံရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသလို ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ဦးဦးသန်းနိုင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရှိရသည်။