Advertising
English News

ARG မှ ပထမဆုံးအကြိမ် စက်ပြင်သင်တန်း ဖွင့်လှစ်

စံမောင်သန်း၊ ရန်ကုန်
နိရဉ္စရာ၊ မေ ၁၅

32452960_1923471954331539_7950897407439405056_n

ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ ပထမဆုံးအကြိမ် အခြေခံစက်ပြင်သင်တန်း တစ်ခုကို မောင်တောမြို့နယ်တောင်ပိုင်းရှိ ARG အခြေစိုက်ရာ စခန်းတွင် ဖွင့်လှစ်ပို့ချနေသည်ဟု သတင်းရရှိသည်။

၎င်းသင်တန်းအား မေ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများမှ သင်တန်းသား ၃၀ ခန့် တက်ရောက် သင်ယူလျက်ရှိသည်ဟု သိရသည်။

“သင်တန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းတဲ့ အခါမှာ စက်ကိရိယာတွေကို ဘယ်လို ကိုင်တွယ် အသုံးပြုရမယ်ဆိုတာ နားလည် တတ်ကျွမ်းအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်”ဟု ဦးဘအေးက ပြောသည်။

၎င်းသင်တန်းတွင် ကျောက်တော်မြို့ မောင်အေးသိန်းဝပ်ရှော့မှ ဦးမောင်အေးသိန်းနှင့် စစ်တွေမြို့ စက်မှုလယ်ယာမှ ဆရာ ဦးတင်မောင်တို့ မှ သင်တန်း ဆရာများ အဖြစ် သင်ကြား ပြသနေကြောင်း သိရသည်။

“အဓိကတော့ ထွန်စက်ပြုပြင် ထိန်းသိမ်းနည်း တစ်ပတ်သင်တန်းပါ။ တောင်ပိုင်းဆိုရင် အင်းဒင်၊ ကျောက်ပန္တူ၊ သရေကုန်ပေါင်နဲ့ မြောက်ပိုင်းဆိုရင် အောင်သပြေ၊ ရွာသာယာ၊ အောင်ဇေယျ စတဲ့ကျေးရွာတွေက သင်တန်းသား ၃၀ လောက် တက်ရောက် သင်ယူနေပါတယ်”ဟု ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သင်တန်းသားများရရှိရန် ကျေးရွာများကို အကြောင်းကြားခဲ့ပြီး၊ သင်တန်းကာလအတွင်း သင်တန်းသားများ နေရေး၊ စားရေးအတွက် ARG က တာဝန်ယူပြီး သင်ပြပေးနေခြင်းဖြစ်သည်ဟု သိရသည်။

32624539_1923472324331502_5525203275701288960_n

သင်တန်းပြီးဆုံးပါက သင်တန်းသားများ အနေဖြင့် ဂီယာဘောက်များကို ထိန်းသိမ်းခြင်း၊ ပျက်လျှင် ပြုပြင်ခြင်းများကို တတ်ကျွမ်းသွားမည်ဖြစ်ပြီး၊ စက်များကို ထိန်းသိမ်းတတ်မည်အပြင် မည်သည့် အစိတ်အပိုင်းက ပျက်စီးနေသည်ကိုပါ သိရှိ နားလည်သွားမည်သာမက သာမန်ပျက်စီးမှုများကို ပြင်တတ်သွားမည်ဟု မျှော်လင့်သည်ဟု ဆိုသည်။

“ဒီလိုသင်တန်းမျိုးကို ကျနော်တို့ ARG အနေနဲ့ အများကြီး လုပ်သွားချင်ပါတယ်။ ထပ်ကာထပ်ကာ လုပ်သွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်က စက်မှုလယ်ယာခေတ် ဖြစ်သွားပါပြီ။ ဒီလိုအချိန်မျိုးမှာ စက်ပစ္စည်းတွေကို မသိနားမလည်ဘဲ ကိုင်တွယ်ကြမယ်ဆိုရင် စက်တွေ အပျက်အစီးများတတ်ပါတယ်။ သာမန်ပျက်တာကိုလည်းပဲ ဆရာခေါ်နေရတယ်။ လယ်ထွန်ချိန်တွေ ကြန့်ကြာသွားရတယ်”ဟု ARG ဥက္ကဋ္ဌ ဦးဘအေးက ပြောသည်။

ယင်းကြောင့် ယခုကဲ့သို့ သင်တန်းမျိုးကို ကျေးရွာအသီးသီးမှ သင်တန်းသားများ တက်ရောက် သင်ယူစေချင်သည်ဟု ဆိုသည်။

ရခိုင်မျိုးစောင့်အဖွဲ့အနေဖြင့် ယခုကဲ့သို့ စက်ပြင်သင်တန်းများကို အခါအားလျော်စွာ ပြုလုပ်သွားမည် ဖြစ်ပြီး၊ လယ်သမားများ အနေဖြင့်လည်း သင်တန်းသို့ တက်ဖြစ်အောင် တက်ပြီး စက်ပြုပြင် ထိန်းသိမ်းခြင်းကို တတ်မြောက်စေလိုသည်ဟု ARG ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။