English News

Miss Universe Sittwe ၂၀၁၇ အတွက် ပြိုင်ပွဲဝင်လိုသူ အမျိုးသမီးများအား လျှောက်လွှာခေါ်ယူပြီ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မေ ၁၈

18485781_1525800737431998_3762945232853380401_n

Miss Universe Sittwe ၂၀၁၇ အတွက် ပြိုင်ပွဲဝင်လိုသူ အမျိုးသမီးများကို ယခု ၁၅ ရက်နေ့မှ စပြီး လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မေလ ၁၅ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ကို နောက်ဆုံးထား၍ လျှောက်ထားရမည်ဟု သိရသည်။

Miss Universe Sittwe ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဆယ်တန်းအောင်ရမည်ဖြစ်ပြီး၊ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်အကြား၊ အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး၊ ရခိုင်တိုင်းရင်းသူ စစ်စစ်နှင့် အပျိုစင်ဖြစ်ရမည်ဖြစ်သည်။

“ပထမနှစ်ကဆိုရင် အောင်မြင်မှုလေး တစ်ခု ရရှိခဲ့ပြီးတော့ ဒုတိယနှစ်မှာ ဆိုရင်လည်း National Costume နဲ့ Top 5 နဲ့ Top 10 ထိဝင်ခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် အောင်မြင်မှုလေးတွေ ရခဲ့ပါတယ်”Miss Universe စစ်တွေ ပွဲကို ကြီးမှူးကျင်းပသူ ကိုကျော်ကျော်မိုးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

Miss Universe Sittwe ၂၀၁၇ ပြိုင်ပွဲနှင့်ပတ်သက်၍ ဇွန်လ ၃ ရက်နေ့တွင် မီဒီယာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ပြီး၊ ဇွန်လ ၁၅ ရက်နေ့တွင် လူတွေ့ စစ်ဆေးမှုကို ပြုလုပ်ကာ ဇွန်လ ၂၆ ရက်နေ့တွင် ဦးဥတ္တမ ခန်းမ၌ ပြုလုပ်သွားမည်ဟု သိရသည်။

“၂၀၁၆ ပြိုင်ပွဲထဲမှာ ၀င်ပြိုင်ခဲ့တော့ အမျိုးသမီးတစ်ယောက်အတွက် နေထိုင်မှု ပုံစံတွေ၊ ပြောဆို ဆက်ဆံမှုတွေကို အများကြီး ရရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင်လိုသူတွေ အနေနဲ့ စာနာစိတ်၊ ပရဟိတစိတ်၊ မိခင်စိတ် အပြည့်အ၀ ရှိဖို့လိုအပ်ပါတယ်”ဟု ၂၀၁၆ ခုနှစ်က Miss Universe Sittwe ကို ၀င်ပြိုင်ခဲ့သူ GTC ကျောင်းမှ ကျောင်းသူ မ၀င်းသူဇာနွယ်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပြိုင်ပွဲဝင်သူအချင်းချင်း ညီအစ်မရင်းရှာကဲ့သို့ သဘောထား၍ ဆက်ဆံခဲ့ကြပြီး ပြိုင်ပွဲဝင်ခဲ့မှုကြောင့် တစ်ဦးပေါ်တစ်ဦး ဖေးမကူညီလိုစိတ်များကို မွေးဖွားပေးနိုင်ခဲ့သည်ဟု ဆိုသည်။

Miss ဖြစ်လိုသူတစ်ဦးအနေဖြင့် ခန္ဓာကိုယ် ချောမော ပြေပြစ် လှပမှုအပြင် ဥာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံဖို့လိုအပ်ကြောင်း၊ ပြိုင်ပွဲမ၀င်ဖူးသူ ရခိုင်သူ လှပျိုဖြူများအနေဖြင့် အတွေ့အကြုံ ရရှိအောင် ပြိုင်ပွဲဝင်လိုသည်ဟု ၀င်းသူဇာနွယ်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် ကျင်းပခဲ့သော Miss Universe Sittwe ပြိုင်ပွဲများအတွက် ၂၀၁၅ ခုနှစ်တွင် သရဖူကို မချိုချိုထွန်းကလည်းကောင်း ၂၀၁၆ ခုနှစ်တွင် ခိုင်သန္တာလင်းကလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။