လှေစီး၍ မလေးသို့ သွားသူ ဘင်္ဂလီ ၁၇၅ ဦး နေရပ်ရင်း ပြန်ပို့
8/24/2009
မလေးရှားသို့ အလုပ်ရှာဖွေရန် လှေဖြင့် သွားရောက်စဉ် အိန္ဒိယ ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရသော ဘင်္ဂလီ အမျိုးသား ၁၇၅ ဦးကို အန်ဒမန်ကျွန်းမှ တဆင့် ယနေ့ တနင်္လာနေ့တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို ပြန်ပို့မည် ဖြစ်ကြောင်း
The Independent သတင်းစာက ရေးသား ဖေါ်ပြသည်။
ပြန်ပို့ခံရသူများမှာ ကော့ဘဇား ခရိုင်အတွင်းမှ ၁၄၅ ဦး၊ စစ်တကောင်း ခရိုင်မှ ၁၉ ဦး၊ ဘင်ဒရိုဘင် ခရိုင်မှ ၁၀ ဦးနှင့် နာဆီးဒီ ခရိုင်မှ တဦးတို့ ဖြစ်သည်။
သူတို့ကို စောစီးစွာ ဘင်္ဂလာဒေခ်ျ့သို့ ပြန်ပို့ရန် အိန္ဒိယ အစိုးရအား ဘင်္ဂလာဒေခ်ျ့ အစိုးရမှ မေတ္တာရပ်ခံပြီးနောက် သူတို့အား အိန္ဒိယနိုင်ငံ ကာလကတ္တား နယ်စပ် ဘန်နာပို ဖြတ်ကျော်လမ်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ လွဲပြောင်းပေးအပ်မည် ဖြစ်သည်။
သူတို့အား အိန္ဒိယ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများမှ ဘင်္ဂလာဒေခ်ျ့ လခြမ်း ကြက်ခြေနီအဖွဲ့သို့ လွဲပြောင်းပေးမည် ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာများက အဆိုပါ ပြန်ပို့ခံရသူ ၁၇၅ ဦးမှာ လွန်ခဲ့သော ဒီဇင်္ဘာလက ကော့ဘဇားခရိုင်အတွင်းမှ မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် သွားရောက်စဉ် အန်ဒမန်ကျွန်းတွင် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း ဖေါ်ပြသည်။
၎င်းအပြင် သတင်းစာက လွန်ခဲ့သောနှစ် ဒီဇင်္ဘာလက ငါးဖမ်းစက်လှေ (၈) စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၅၀၀နှင့် မြန်မာနိုင်ငံသား ၃၀၀ တို့သည် မလေးရှားသို့ အလုပ် လုပ်ရန် ထွက်ခွာခဲ့ကြကြောင်း၊ လူတဦးကို တာကာငွေ ၅၀၀၀၀ မှ ၈၀၀၀၀ ထိ လူပွဲစားများကို ပေးရကြောင်း၊ ထိုင်းရေပိုင်နက်သို့ အရောက်တွင် ထိုင်းဘုရင့် ရေတပ်မတော်၏ ဖမ်းဆီးခြင်းကို ခံရပြီး စက်မပါသော လှေတစီးဖြင့် ပြန်လည် မောင်းထုတ်ခံရကြောင်း၊ လမ်းခရီးတွင် အစာရေစာ ပြတ်လပ်ပြီး အများအပြား သေဆုံးသွားခဲ့ကြောင်း၊ ယခု ပြန်လာခွင့်ရသူ ၁၇၅ ဦးမှာ သေကံမပျောက် သက်မပျောက်ဘဲ ကျန်ရစ်သူများ ဖြစ်ကြောင်း ဖေါ်ပြသည်။
အန်ဒမန်ကျွန်းတွင် မြန်မာနိုင်ငံသား မည်မျှကျန်ရှိပြီး သူတို့နှင့် ပတ်သက်ပြီး အခြေအနေ မည်သို့ရှိသည်ကို သတင်းစာများက တစုံတရာ ရေးသား ဖေါ်ပြထားခြင်း မရှိကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...







