မောင်တောမြို့တွင် စိတ်ကြွ ဆေးပြား ၉၀၀၀ နှင့် အတူ မိသားစု တစု ဖမ်းဆီးခံရ
11/2/2009
မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် မိသားစု တစုကို စိတ်ကြွဆေးပြား ၉၀၀၀ ကျော်နှင့် အတူ နယ်စပ် ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူ မိသားစုမှာ မောင်တောမြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် မူဆလင် အမျိုးသား ချောင်းချူ မိသားစု ဖြစ်သည်။
“ချောင်းချူအိမ်က ယာဘားဆေးပြားတွေကို အိမ်လှေကားအောက်မှာ တွင်းတူးပြီး ၀ှက်ထားတာကို သတင်းအရ ရဲအဖွဲ့က သွားရောက် ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စနေနေ့ နေ့လည် ၁၁ နာရီလောက်က ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ ဖမ်းဆီးစဉ်က ရဲမေတွေလည်း ပါလာတာကို တွေ့ရပါတယ်။ အိမ်သားအားလုံးကို ဓါတ်ပုံတွေ ရိုက်ပြီးတော့ ရဲစခန်း ကိုခေါ်ယူ သွားပါတယ်။”ဟု မောင်တောမြို့မှ မျက်မြင်တဦးကပြောသည်။
အဆိုပါဖမ်းဆီးမှုကို နယ်ထိန်း ဒုရဲအုပ် ကျော်ထက်မှ ဦးစီးပြီး ဖမ်းဆီးခြင်း ဖြစ်သည်။
အိမ်ရှင်ချောင်းချူမှာ ဘင်္ဂလာဒေခ်ျ့ ဘက်သို့ထွက်ပြေး သွားနိုင် ခဲ့သော်လည်း သူ့ ဇနီးအပါအ၀င် သားတဦး သမီးတဦးနှင့် ချောင်ချူ၏ ယောက်ဖတော်စပ်သူ တဦးကိုပါ ရဲက ဖမ်းဆီးသွားပြီး ယခုအခါ မောင်ရဲစခန်းတွင် ချုပ်ထားသည်ဟု အဆိုပါ မြို့ခံမှပြောသည်။
ယခုဖမ်းဆီးမှုမှာ မောင်တောမြို့တွင် ယခုနှစ် အတွင်း ပထမဆုံးအကြိမ် အကြီးမားဆုံး ဖမ်း ဆီးမှုဖြစ်ပြီး အဆိုပါ ယာဘားဆေးပြားးများကို ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ရန်အတွက် သိုဝှက်ထားခြင်း ဖြစ်ကြောင်း ရဲတပ်သား တဦးက ပြောသည်။
လွန်ခဲ့သည့်လ ၂၈ ရက်နေ့ကလည်း မောင်တောမြို့ဆိပ်ကမ်းတွင် ထွန်းဝင်းဆိုသူထံမှ ယာဘား ဆေးပြား ၁၀၀ ကျော်ကို ဖမ်းဆီး မိခဲ့သည်။
မြန်မာနိုင်ငံထုတ် ယာဘားဆေးပြားများ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဈေးကောင်းရနေသဖြင့် နှစ်ဘက်နိုင်ငံ မှောင်ခိုသမားများ အနေဖြင့် မောင်တောမြို့မှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ကာ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့နေကြခြင်း ဖြစ်သည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...







