ပြည်သူ့ စစ်သင်တန်းအတွက် တအိမ်ထောင် ငွေကျပ် ၂၀၀၀ စီ ကောက်ခံ
11/8/2009
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် ငါးခူရ ကျေးရွာတွင် ပို့ချနေသော ပြည်သူ့စစ် သင်တန်း အတွက် အိမ်ထောင်စု တခုစီမှ ကျပ်ငွေ ၂၀၀၀ စီ ကောက်ခံကြောင်း အမည် မဖေါ်လိုသူ ငခူရကျေးရွာသား တဦးက ပြောသည်။
“ သင်တန်းသားတွေကို ကျေးရွာတခုစီမှ ကန့်သန့် အရေ အတွက်နဲ့ မတက်မနေရ ခေါ်ယူပြီးတော့ ပြည်သူ့ စစ်သင်တန်း ပေးနေပါတယ်။ ခုလို ပြည်သူ့စစ် သင်တန်းပေးတဲ့ အခါမှာ အဲဒီ ဒေသ တ၀ိုက်မှာရှိတဲ့ ကျေးရွာတွေက အိမ်ထောင်စု တစုစီဆီက ကျပ်ငွေ ၂၀၀၀ ကျစီ အာဏာပိုင်တွေက ကောက်ခံ ပါတယ်” ဟုသူက ပြောသည်။
ယခု ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် ငါးခူရကျေးရွာ နယ်မြေ(၅)တွင် နစက နယ်မြေမှူး သူရိန်ဇော်မှ ဦးဆောင်ပြီး ပို့ချ နေခြင်း ဖြစ်သည်။
သူက “ သင်တန်းသားက စုစုပေါင်း ၈၅ဦး ဖြစ်ပါတယ်။ သိရတာကတော့ ငါးခူရကျေးရွာမှ ၂၀ဦး၊ အောက်ပြူးမ ကျေးရွာမှ ၂၀ဦး၊ ရွက်ညိုတောင် ကျေးရွာမှ ၂၀ဦး၊ ခြံပြင်ကျေးရွာမှ ၁၅ ဦးနဲ့ ကတ်ပကောင်းကျေးရွာမှ ၁၀ဦး တို့ ဖြစ်ကြပါတယ်” ဟု ပြောသည်။
အဆိုပါ သင်တန်းကို နိုဝင်္ဘာလ ၁ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိဝင်္ဘာလ ၁၅ရက်နေ့ထိ ပို့ချသွားမည် ဖြစ်သည်။ အဆိုပါ ငွေ ၂၀၀၀ ကျပ်မှာ သင်တန်း တက်ရောက်သူများ အသုံးစရိတ်အတွက် ကောက်ခံခြင်း ဖြစ်သည်ဟု သိရသည်။
သင်တန်းနှင့် နီးစပ်သူ တဦးကလည်း “ သင်တန်းက နယ်မြေဒေသ ကာကွယ်ရေးမှာ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ နယ်မြေဒေသ ငြိမ်းချမ်းရေး အတွက် ဖြစ်ပါတယ်။ သင်တန်း လုပ်တာက ရိုးရိုးလေး ဖြစ်ပါတယ်။ သစ်သား သေနတ်တွေနဲ့ အခြေခံ စစ်ရေးပြ ပို့ချပေးတာ ဖြစ်ပါတယ်။ လူတွေကတော့ ၂၀၁၀ ရွှေးကောက်ပွဲ အတွက် အသုံးပြုဖို့အတွက် ကြိုတင် ပြင်ဆင်တာ ဖြစ်တယ်လို့ ပြောဆို ဝေဖန်နေကြပါတယ်။” ဟုပြောသည်။
နအဖ စစ်အာဏာပိုင်များ အနေဖြင့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်တိုင်းတွင် ပြည်သူ့စစ် သင်တန်း၊ မီးသတ် သင်တန်းများကို ပြုလုပ်လျှက် ရှိနေရာ ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်းတော မြို့နယ်တွင် ပြုလုပ်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြည်သူ့စစ် သင်တန်း၊ မီးသတ် သင်တန်းများ ပို့ချနေခြင်းမှာ ၂၀၁၀ ခုနှစ်အတွက် ပြည်သူများကို အပိုင်ကိုင်လို၍ အင်အားများ စုစည်းနေခြင်း ဖြစ်သည်ဟု အများစု ပြည်သူများက ယုံကြည်နေကြသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...







