ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဖခင်ကို လုပ်ကြံသတ်ဖြတ်သူ ၅ ဦးကို ကြိုးပေး ကွက်မျက် လိုက်ပြီ
1/27/2010
ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဖခင် ရှိတ်မူဂျီဘူလ်ရာဟမာန်ကို လုပ်ကြံသတ်ဖြတ်သူ စစ်အရာရှိကြီး ၅ ဦးကို ဗုဒ္ဓဟူးနေ့ ညဥ့် အချိန်တွင် ဒက္ကားမြို့ ဗဟိုထောင်တွင် ကြိုးပေး ကွက်မျက်လိုက်ပြီ ဖြစ်သည်။
သူတို့အား မကွက်မျက်မှီ ဘင်္ဂလာ ပြည်ထဲရေး အတွင်းဝန်သည် ဒက္ကားမြို့ အကျဉ်းထောင်သို့ ရောက်ရှိလာပြီးနောက် ကြာသပတေးနေ့သို့ မကူးမှီ အဆိုပါ ကွက်မျက်မူကို စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတော် လုပ်ကြံသတ်ဖြတ်မူကြီးမှာ ပါကိစ္စတန်လက်အောက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွတ်လပ်ရေး ရပြီး ၄ နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုကြိုးပေး ကွက်မျက်ခံရသည့် စစ်အရာရှိကြီး ၅ ဦးမှာ ဆယတ် ဖာရုဒ် ရာဟမန်၊ မူနီ ဟူဒိန် အာမတ်၊ ဘာဇလူ ဟူဒါ၊ အေအေအမ်း မိုဟီး အူလ်ဒိန်နှင့် ဆူလတန် ဆာဟာရီယာ ရာချိဒ်ခန်တို့ ဖြစ်ကြသည်။
သူတို့ ဦးဆောင်သော စစ်အရာရှိ တစုသည် ၁၉၇၅ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့ တွင် လွတ်လပ်ရေး ဖခင် ရှိတ်မူဂျီဘူလ် ရာဟာမန် နေထိုင်ရာ ဒက္ကားမြို့ ဒါမောင်ဒီကန်ဘေးတွင် တည်ရှိသော နေအိမ်သို့ ၀င်ရောက်လာပြီး ရှိတ်မူဂျီဘူလ် အပါအ၀င် သူ၏ ဇနီး၊ သား သုံးဦးနှင့် မိသားစု အဖွဲ့ဝင် ၁၆ ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။
ယခု လက်ရှိ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ဖြစ်သူ ရှိတ်ခါဆီးနာနှင့် သူမ၏ ညီမဖြစ်သူ ရှိတ်ရာဟာတို့ နှစ်ဦးသာ ထိုအချိန်က လန်ဒန်တွင် ကျောင်းတက်နေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
လုပ်ကြံ သတ်ဖြတ်ရာတွင် ပါဝင်သူ ၅ ဦးအား ဒက္ကား တရားရုံးချုပ်မှ ကြိုးပေး ကွက်မျက်ရန် ယခုလ ၃ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။ သို့ရာတွင် အဆိုပါ ကြိုးပေး ကွက်မျက်ခံရမည့် စစ်အရာရှိကြီးများမှ နိုင်ငံတော် တရားရုံးချုပ်နှင့် နိုင်ငံတော် သမ္မတထံ ကြိုးပေးကွက်မျက်မူမှ ဖယ်ရှားရန် အသနားခံခဲ့သည်။
သို့သော်လည်း သူတို့၏ အယူခံမူကို သက်ဆိုင်ရာမှ ယမန်နေ့က ပယ်ချပြီးနောက်ပိုင်း ဒက္ကား ဗဟို အကျဉ်းထောင်တွင် ကြိုးပေးကွက်မျက်လိုက်ခြင်း ဖြစ်သည်။
သူတို့အား ကွက်မျက်ပြီးနောက် တစုံတရာ ပြဿနာ မဖြစ်စေရန်အတွက် ယခုအခါ ဒက္ကားမြို့ ဗဟိုထောင်နှင့် မြို့တော် ဒက္ကားတွင် လုံခြုံရေးကို အထူး တင်းကျပ်ထားဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...







