ဆောင်းပါး
-----------
ကျောက်ဖြူမြို့ခံ တစ်ဦး ဖွင့်ဟ ပြောကြားချက်
ကျောက်ဖြူက ပင်လယ်ကမ်းခြေ နေရာတွေ၊ ဂေါက်ကွင်း နေရာတွေနဲ့
မြေလွတ်နေရာတွေကို ဗိုလ်ချုပ်တွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ နာမည်တွေနဲ့
ဂရမ်မြေ ဖေါက်ဖို့ကြိုးစားနေကြတယ်။ အယင်က အများပြည်သူတွေ အသုံးပြုတဲ့
ဂေါက်ကွင်း၊ ကစားကွင်းတွေ၊ လူတွေအနားယူ အပန်းဖြေ လမ်းလျှောက်တဲ့ နေရာတွေ၊
လူတွေကို ပိုင်ဆိုင်ခွင့် မပေးတဲ့ ပင်လယ် ကမ်းခြေတွေ အခု တစ်ခုမှ
မကျန်တော့ဘူး။ အခုလည်း မြန်မာ့ ဂိုးလ်ဒင်း ဂရောင်းကုမ္ပဏီ ( MGC)
ကနေပြီးတော့ ပင်လယ်နဲ့ ကားလမ်းကြားမှာ ရှိတဲ့ ကားလမ်းနဲ့ ကပ်ရပ်
မြေသားတွေကို တူးပြီးတော့ မြေကွက်တွေကို ဗိုလ်ချုပ် တစ်ဦးနာမည်နဲ့
ဖေါ်ထုတ်နေတယ်။ အခု ဖေါ်ထုတ်နေတဲ့ နေရာက တကယ်လို့ အဲဒီနေရာ ဂျိုင့်ဝှမ်း
ဖြစ်သွားလို့ ပင်လယ်ရေ၀င်လာရင် ရေတိုက်စားလိုက်ပြီး ကားလမ်းတွေပါ အားလုံး
ပါသွားမယ်။ ကားလမ်းတွေ ပါသွားတော့ မြို့သူမြို့သားတွေ သွားလာရေး
အခက်အခဲဖြစ်မယ်။ အခု ကုန်းပေါ်က မြေတွေကို တူးယူပြီးတော့ အဲဒီ ကုမ္ပဏီက
မြေကွက်ဖေါ်တဲ့ နေရာကို ဖို့နေတယ်။ ပင်လယ် အောက်ကျတော့ သဲကိုယူတယ်။
ကားလမ်းနဲ့ကပ်ရင် သစ်ပင်ငယ်တွေ ပေါက်ပြီး ကုန်းတန်းငယ် ပေါ်က မြေတွေ
အကောင်းဖြစ်နေတာကို သူတို့ စက်တွေနဲ့ တူးယူကြတယ်။ အမှန်မှာတော့ ခင်ဗျား
စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ သိသလောက်ဆိုရင် ပင်လယ်ပြင်ထဲက ရေစပ်တွေမှာ
ရှိတဲ့ သဲတွေကို ယူတာက အရေးမကြီးပါဘူး။ ကုန်းတန်းက မြေကြီးတွေကို ယူပစ်ရင်
အောက်က ဂလိုဏ် တွင်းခေါင်းတွေ ဖြစ်သွားပြီး ပင်လယ်ရေတွေ ၀င်လာနိုင်တယ်။
ရေ၀င်လာရင် ကားလမ်းတွေ ပြိုကျသွားနိုင်တယ်။ ကားလမ်းပြိုရင်
လေယာဉ်ပျံကွင်းဖက်လည်း ပြိုပါသွားမယ်။ အခု တူးနေတာက ကျောက်ဖြူ
လေယာဉ်ပျံကွင်း ထိပ်တည့်တည့် ကျပါတယ်။ တောင်နှင့်မြောက်မှာ ဆိုရင်
လေယာဉ်ကွင်း မြောက်ဖက်ပိုင်းပေါ့ဗျာ။
အဲဒီနေရာကတော့ အယင်က ဟိန္ဒူ သင်္ချိုင်းဗျာ။ လူတွေက ဟိန္ဒူ သချိုင်းလို့
ခေါ်ပါတယ်။ အဲဒီ ဟိန္ဒူ သင်္ချိုင်းဟာ ပျက်သွားတာ ကြာပါပြီ။ အဲဒီနေရာဟာ
ဟိန္ဒူတွေ မီးရှို့သဂြိုလ်ခဲ့တဲ့ နေရာ ဖြစ်တယ် ဆိုတာ တော်ရုံ တန်ရုံ
လူတွေမသိပါ။ ရှေ့မှီ နောက်မှီ လူကြီးတွေဘဲ သိတာ။ ခုခေတ်ကလေးတွေ မသိတော့ဘူး။
အဲဒီ သချိုင်း နေရာ ဘယ်သူ နာမည်မှ ခံထားတာ မဟုတ်ဘူး။ နာမည်မရှိဘဲ ဒီတိုင်း
ရှိနေတာ။ အဲဒီနေရာကို ဗိုလ်ချုပ် တစ်ဦးက နာမည် ဖေါက်ပြီး မြန်မာ့
ဂိုးလ်ဒင်းဂရောင်းကုမ္ပဏီက မြေကွက် ဖေါ်ထုတ်နေတယ်။ အဲဒီ နေရာ တစ်ခုတည်း
သူတို့က နာမည်ဖေါက် နေတာ မဟုတ်ပါဘူး။ ရမ်းဗြဲကျွန်း တကျွန်းလုံးမှာ နာမည်
လိုက်ဖေါက်နေတယ်။ ကျွန်တော်တို့အခုနေတဲ့ နေရာတွေသာ နာမည်ဖေါက်လို့
မရဖြစ်နေတာ။ ကျွန်တော်တို့ မြို့ထဲမှာ ဆိုရင် နှစ် ၈၀၊ ၁၀၀ နေတဲ့ သူတွေ
နေတဲ့ နေရာတွေ နှစ် ၆၀ ၄၀ ထိ နေနေတဲ့ သူတွေရဲ့ နေရာကိုသာ သူတို့ နာမည်
ဖေါက်လို့မရတာ ။ မြို့ပြင် မှာရှိတဲ့ နေရာတွေကို ဗိုလ်ချုပ်တွေ အားလုံး
ဖေါက်ထားပြီ။
အဲသလို ဖေါက်တာမှာ အရင် ရခိုင်တိုင်းမှူး၊ ပြည်ထဲရေး ၀န်ကြီးလည်း
ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် မောင်ဦး လည်း ပါတယ်ဗျာ။ သူက သူမိန်းမ ဒေါ်
ညွန့်ညွန့်ဦး နာမည်နဲ့ ကျောက်ဖြူနဲ့ ငါးမိုင် ပတ်ဝန်းကျင်မှာ ရှိတဲ့
ဂုံးချိန်ရွာနားမှာရှိတဲ့ သမ၀ါယမပိုင် အုန်းခင်းတခင်းကို ကျပ် ၂၅ သိန်းနဲ့
အယူ ပြပြီးတော့ ဒေ၀ူး ကိုရီးယားကုမ္ပကို သိန်း ၄၅၀ နဲ့ မနှစ်က ရောင်းပစ်တယ်။
အဲဒါမျိုးတွေ ရှိပါတယ်။ သိန်း ၄၅၀ ဆိုတာက ကျပ်ပါ။ ဒေါ်လာ မဟုတ်ပါဘူး။ မနှစ်က
အဲဒီငွေကို သူတို့ မိသားစု လာယူတယ်။ ကျောက်ဖြူ ရဲရိပ်သာမှာတည်းပြီး ငွေကို
လက်ခံယူသွားတယ်။
ဒါတွေ အပြင် ယခင် ရခိုင်တိုင်းမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ဝင်းမြင့်တို့
ဒုတိုင်းမှူး ဖြစ်သွားတဲ့ သီဟ သူရ မောင်နီတို့လည်း ကျောက်ဖြူက
နေရာကောင်းတွေ ဖြစ်တဲ့ မင်းပြင်ရွာမှာ လယ်တွေနဲ့ ဥယျာဉ်ခြံမြေတွေကို
သိမ်းပြီး သူတို့ မိန်းမတွေ နာမည်နဲ့ လပ ၃၉ ဖေါက်ထားတယ်။ လပ ၃၉ ဆိုတာကို
သိချင်ရင် ကျွန်တော် နောက်မှ ရှင်းပြမယ်ဗျာ။ ခု သိချင်တယ် ဆိုတော့လည်း
ပြောရတာပေါ့ဗျာ။ လပ ၃၉ ( လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေ ၃၉) ဖြစ်ပါတယ်။ အဲဒီ
လပ ၃၉ ကို မြေစာရင်း ဦးစီးဌာနမှာ ဖေါက်ပြီးမှ ပိုင်ဆိုင်ခွင့်ရတာပေါ့ဗျာ။
ကျောက်ဖြူမြို့နယ်မှာ လပ ၃၉ မဖေါက်ဘဲ ထားတဲ့ အများပြည်သူပိုင် မြေလွှတ်တွေ
အများကြီးရှိခဲ့တယ်။ ဒါတွေကို သူတို့ နာမည် ဖေါက်နေကြတာပေါ့ဗျာ။
အဲသလို မြေတွေကို နာမည်ခံပြီး လုပ်နေတဲ့နေရာမှာ မြေဂရမ်နာမည်ခံပြီး
လုပ်နေတဲ့ နေရာမှာ ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှမင်းလည်း ပါတယ်။
အဲအခု လေယာဉ်ကွင်းနားမှာ မြေကွက်ဖေါ်နေတာက ဗိုလ်ချုပ်ကြီး လှမင်း ဖြစ်တယ်။
သူက မြန်မာဂိုးလ်ဒင်း ဂရောင်းကုမ္ပဏီကို စပေါင်ဆာ ပေးပြီးတော့ လုပ်ကိုင်နေတာ
ဖြစ်တယ်။ မြန်မာ ဂိုးလ်ဒင်းဂရောင်း ကုမ္ပဏီက မြေကွက် ဖေါ်ထုတ်ပီးရင် နောက်ဆို
ဗိုလ်ချုပ်ကြီး လှမင်းဆီက ၀ယ်ဖို့ ဖြစ်တယ်။ အဲသလို နာမည်ခံတဲ့ အတွက်
ဗိုလ်ချုပ်ကြီး လှမင်းက ဘာမှ အိတ်က စိုက်စရာ မရှိဘဲ သိန်း လေးငါးရာ
ရသွားမယ်။ ကုမ္ပဏီ ကလည်း ဗိုလ်ချုပ်ကြီးဆီက ၀ယ်ထားတာ ဆိုတော့ ဘယ်သူမှလည်း
မပြောရဲတော့ဘူး။ စစ်လည်း မစစ်ဆေးရဲတော့ဘူး။ အဲဒီသဘောပါ။ အဲဒီ ကုမ္ပဏီတွေက
ဗိုလ်ချုပ် နာမည်ခံထားတာ ဖြစ်တယ်။ သူ့နာမည်နဲ့ ပေါက်တဲ့အချိန် လမ ၃၉
ထွက်လာတဲ့ အချိန်မှာ ကုမ္ပဏီက ပြန်ဝယ်ဖို့ သဘော ဖြစ်ပါတယ်။ သာမန်လူတွေကတော့
မရပါ။ အဲဒီလို ကျောက်ဖြူမြို့မှာ အထက်က ဆင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေက
မြေကွက်တွေကို လူတွေပိုင်ဆိုင်မှု မရှိသေးရင်၊ လပ ၃၉ မပေါက် သေးရင် အဲဒီ
မြေကွက်တွေကို နာမည်ခံပြီးတော့ ပြန်လို့ရောင်းစားတဲ့ အကျင့်တွေ
ဖြစ်နေပါတယ်။ တကွက် ရောင်းစားရင် သိန်း ၄၀၀ နဲ့ ၅၀၀ လောက်ရပါတယ်။
ရမ်းဗြဲကျွန်း တကျွန်းလုံးမှာ ကောင်းဖို့နေရာတွေ၊ သူများနိုင်ငံက
ဝယ်ဖို့ကောင်းတဲ့နေရာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက
ကြိုက်ဖို့နေရာတွေကို သူတို့က အင်တာနက် ဂိုးဂဲလ်က ကြည့်ပြီး ယူနေတာ
ဖြစ်တယ်။ အဲဒီနေရာတွေကို ချက်ချင်း လပ ၃၉ ဖေါက်ပစ်ပြီးတော့ အဆင့်ဆင့်
ရောင်းစား နေကြတယ်။ ပထမတော့ ဗိုလ်ချုပ်ကြီးတွေ နာမည်ယူပြီးတော့
ရောင်းစားတယ်။ ကျောက်ဖြူမှာ ပင်လယ်ကမ်းခြေတွေဟာ ဒေသခံ ပြည်သူတွေ လက်ထဲမှာ
တခုလည်း မရှိပြီ။ နေရာကောင်းတွေဖြစ်တဲ့ ဂေါက်ကွင်းနား၊ လေယာဉ်ကွင်းနားနဲ့
ပင်လယ်ကမ်းခြေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို သူတို့ ဗိုလ်ချုပ်တွေ နာမည်ခံထား
ကြပြီးပြီ။ ရမ်းဗြဲ၊ ဇင်ချောင်း၊ ကျောက်ဖြူ၊ မင်းပြင် အဲဒီ နေရာတွေလည်း
ပင်လယ် ကမ်းခြေတွေပါ။ အဲဒီနေရာတွေလည်း အားလုံး ဗိုလ်ချုပ်တွေ နာမည်နဲ့
နာမည် ဖေါက်ထားတယ်လို့ သိရတယ်။ အဲဒီနေရာတွေဟာ ကျောက်ဖြူနဲ့ ၁၀ မိုင် ၁၅
မိုင်၊ မိုင် ၂၀၊ ၂၅ မိုင်ကွာတဲ့နေရာတွေဟာ အားလုံးပင်လယ်ကမ်းခြေတွေ
ဖြစ်ပါတယ်။ အဲဒါတွေဟာ အယင်က ရွာသူရွာသားတွေ ပိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။
ရွာသူ ရွာသားတွေမှာ တရားဝင် ပိုင်ဆိုင်မှုကို မြေစာရင်းဌာနမှာ လပ ၃၉
လုပ်လို့မရှိကြဘူ။ အဲဒီလို ရွာသားတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့
ဘုံမြေတွေကို သူတို့နာမည်တွေ ဖေါက်နေကြပါတယ်။ အခုလို နာမည်ဖေါက်ပြီး
ရောင်းစား နေကြတော့ မြေကွက်ဈေးတွေလည်း တက်လာပါတယ်။ မြို့ထဲမှာ အယင်တုန်းက
သိန်းတစ်ရာ တန်တဲ့ နေရာတွေဟာ အခု သိန်း ၅၀၀၊ ၆၀၀ အထိ ဖြစ်လာပါတယ်။ ဒေသခံ
တချို့ကလည်း ပိုက်ဆံလိုတော့ ရောင်းကြတာပါဘဲ။ ၀ယ်တဲ့ အထဲမှာလည်း
မိုးကုတ်ကဆင်းလာတဲ့ တရုတ်သူဌေးတွေလည်း ပါတယ်ဗျာ။
အဲဗျာ။ ပြောရရင်တော့ အရှည်ကြီးဗျာ။ အနာဂတ် ကျောက်ဖြူရဲ့ အခြေအနေက မရေရာ
မသေချာ ဖြစ်သွားပါပြီ။ စဉ်းစားရင် ကျွန်တော်က အသက်ရှု ပိုပို
ကျပ်ကျပ်လာတယ်ဗျာ။ ကျောက်ဖြူလည်း ကျွန်တော်လိုဘဲ အသက်ရှု ပိုပို
ကျပ်လာနေမလားတော့ မသိဘူး။
(ပြီး)
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သတင်း ရင်းမြစ်နေရာတွင် နိရဉ္စရာ၏ အမည်ကို ရေးသား ဖေါ်ပြပေးစေလိုပါသည်။
-------------------------------------------------------------------------------------------------------------------------------
powered by Disqus



