၂၀၀၉ခု ဇန္နဝါရီလ(၈)ရက်နေ့က ပခုက္ကူဦးအုံးဖေ စာပေဆု(၃)ဆုရှင် ဆရာအောင်သာဆန်း(သံတွဲ) အား ၎င်းနေအိမ်သို့ သွားရောက်ပြီး အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ ဆရာ့ မွေးဖွားရာဒေသကို အရင်သိပါရစေ။
ဖြေ။ ။ တောင်ကုတ်မြို့နယ်၊ ပန်းထော်ကျွန်း၊ ဂျီပြင်ရွာဖြစ်ပါတယ်။
မေး။ ။ ဆရာတောင်ကုတ်မြို့နယ်မှာမွေးပြီး ဘာကြောင့် အောင်သာဆန်း(သံတွဲ) ဖြစ်နေရတာလည်း ဆိုတာ အများက သိလိုနေကြပါတယ် ဆရာ။
ဖြေ။ ။ ကျွန်တော်ဟာ ၁၉၅၄ ခုနှစ်မှာ ဂျီပြင်ရွာ အစိုးရ မူလတန်းကျောင်းက စတုတ္ထတန်းကို အောင်မြင်ခဲ့ ပါတယ်။ အဲသည် အချိန်တုန်းက ကျွန်တော်တို့ ပန်းထော်ကျွန်းမှာ အလယ်တန်းကျောင်း မရှိပါဘူး။ ကျွန်တော့်ရဲ့ ပညာရေးအတွက် အဖေ့အစီအစဉ်အရ ကျွန်တော့်ဘထွေးရှိရာ သံတွဲမြို့နယ်မြပြင်ရွာ ကနေပြီး လင်းသာရွာ အလယ်တန်းကျောင်းမှာ တက်ဖို့ဖြစ်လာခဲ့ပါတယ်။ လင်းသာက အလယ်တန်း အောင်မြင်ပြီးနောက် အထက်တန်းပညာကို သံတွဲအထက်တန်းကျောင်းမှာ ဆက်လက်ပညာသင်ခဲ့ပါ တယ်။
အထက်တန်းကျောင်းသားဘဝ ရောက်တဲ့အချိန် ၁၉၆၁-၆၂ခုနှစ်လောက်မှာ ကျွန်တော်ကဗျာတွေ စတင်စမ်းသပ်ရေးဖြစ်ပါတယ်။ အဲသည်တုန်းက ကလောင်အမည်က ပန်းထော်-ထွဋ်တင်(သံတွဲ)ပါဘဲ။ စာရေးတဲ့ မဂ္ဂဇင်းကတော့ သင့်ဘဝမဂ္ဂဇင်းမှာပါ။ ထိုစဉ်က ရွှေရ(တောင်ကုတ်) လည်း သင့်ဘဝ မဂ္ဂဇင်းမှာဘဲ ကဗျာတွေ စတင်ရေးနေတာတွေ့ပါတယ်။
သင့်ဘဝမဂ္ဂဇင်းမှာဘဲ ကျွန်တော့်ကလောင်နာမည် ပန်းထော်ထွဋ်တင်(သံတွဲ)ဟာ တစ်ခါတစ်ရံ ပန်းတော-ထွဋ်တင် ဖြစ်ခါဖြစ်၊ တစ်ခါတစ်ရံ ပန်းထော်-ထွန်းတင် ဖြစ်ခါဖြစ်နဲ့ ခဏ ခဏ မှားယွင်း ဖော်ပြတာ ကြုံရပါတယ်။
အဲသည် ပန်းထော်-ထွဋ်တင်(သံတွဲ) ကလောင်နာမည်နဲ့ပဲ ငွေတာရီမဂ္ဂဇင်းမှာ စတင်ရေးတော့ ဆရာမင်းယုဝေ က ပန်းထော်-ထွဋ်တင်(သံတွဲ)အစား အမည်ရင်း မောင်ရွှေ(သံတွဲ)ဆိုပြီး ဖော်ပြခံလိုက်ရတော့ ကျွန်တော်လည်း သည်နာမည်နဲ့တော့ ငါနဲ့ လမိုင်းမကပ်ဘူးဆိုပြီး ကလောင်အမည် ပြောင်းဖို့ စဉ်းစားတော့တာပါပဲ။ သည်အချိန်မှာပဲ ကျွန်တော့်သူငယ်ချင်း ယခင်ကလောင်အမည် တစ်ခုနဲ့ရေးနေရာက အောင်သာမိုး(သံတွဲ) ကလောင်အမည် ပြောင်းမယ်ဆိုတော့ မင်းက အောင်သာမိုးဆိုရင် ငါက အောင်သာဆန်းကွာ၊ ပြိုင်ရေးကြရအောင် ဆိုပြီး ငွေတာရီ၊ သွေးသောက်၊ ရှုမဝစတဲ့မဂ္ဂဇင်း တွေမှာ သူနဲ့ကျွန်တော် အပြိုင်ရေးခဲ့ကြတယ်။
ကျွန်တော် အောင်သာဆန်း(သံတွဲ) အမည်မှာ သံတွဲကိုထည့်ခြင်းဟာ ကျွန်တော် ၁၉၆၂ ခုနှစ်မှာ တန်းမြင့် ကျောင်းထွက်လက်မှတ်ရ စားမေးပွဲ အောင်သည်အထိ ပညာသင်ခဲ့ရာ မိခင် အထက သံတွဲကို အကြောင်းပြုပြီး ယူထားခြင်းဖြစ်ပါတယ်။
တစ်ဖက်က ပန်းထော်ကျွန်း ဂျီပြင်ရွာ ကျွန်တော့် မွေးဇာတိဟာ၊ တောင်ကုတ်မြို့နယ်၊ သံတွဲခရိုင်ဘဲမို့ ပိုတောင်ကျယ်ပြန့်တဲ့ သဘောရှိပါတယ်။ ဒါလောက်ဆိုရင် ဘာကြောင့် အောင်သာဆန်း(သံတွဲ) ဖြစ်လာတယ်ဆိုတာ သိလောက်ပါပြီ။
မေး။ ။ ဆရာဘယ်အရွယ်ကစပြီး ကဗျာတွေရေးခဲ့ပါသလဲ၊ အောင်မြင်တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ။
ဖြေ။ ။ ကျွန်တော် ကဗျာစရေးတာ ၁၈နှစ် ၁၉နှစ်လောက်က စပါတယ်။ ကဗျာရေးချင်စိတ်နဲ့ မရေးရမနေနိုင်လို့ အခက်ခဲကြားက ကဗျာတွေ စဉ်ဆက်မပြတ် ရေးလာတာပါ။ စာဟူသမျှအားလုံးဖတ်တယ်။ ဘဝမျိုးစုံကို စာတွေကဗျာတွေထဲမှာ ရှာပြီးတော့ ကိုယ်တိုင်ခံစားပြီး ဇွဲကောင်းကောင်းနဲ့ ရေးတာပါပဲ။ အမှန်ကတော့ ကျွန်တော် ကဗျာဆရာဖြစ်လာတာ ဇွဲဆုဖြစ်ပါတယ်။ ကျွန်တော် ကဗျာဆရာဖြစ်ချင်လို့ ကြိုးစားခဲ့တာ အသင့်အတင့် အောင်မြင်တယ်လို့ ဆိုရမှာပေါ့။ ကဗျာရေးသက်ကလည်း နှစ်ပေါင်းလေးဆယ် ကျော်လာပါပြီ။
မေး။ ။ ဆရာ ပခုက္ကူဦးအုန်းဖေဆု နှစ်ကြိမ်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ဘယ်နှစ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်ပြီး ဘယ်နှစ်တွေမှာ ဆုရခဲ့ပါသလဲ။
ဖြေ။ ။ အစီအစဉ်အတိုင်း ပြောရမယ်ဆိုရင်တော့ ပခုက္ကူဦးအုန်းဖေဆု သုံးကြိမ်မရခင် ပညာတန်ဆောင် ဦးသန်းညွန့် အထိမ်းအမှတ် ကဗျာပြိုင်ပွဲမှာ ၂၀၀၁ခုနှစ် “ပန်းတကာထက်မွှေး” ကဗျာနဲ့ ပထမဆု ရဖူးပါတယ်။ ဒါပထမဆုံးပြိုင်ပွဲဝင်ခဲ့တာပါ။
နောက်တော့ ပခုက္ကူဦးအုံးဖေ ကဗျာပေါင်းချုပ်ဆု တွေကိုတော့ ၂၀၀၄ ခုနှစ် “ပန်းကောင်းရနံဆွတ်ပျံ့ဝေ” ကဗျာ စုစာအုပ်နှင့် ပထမ၊ ၂၀၀၇ ခုနှစ် “တေးသီငှက်၏ ထာဝရ မိုးကောင်းကင်” ကဗျာစုဖြင့် ဒုတိယ၊ ၂၀၀၈ ခုနှစ်အတွက် “တေးသီငှက်၏ ပန်းပေါင်းတစ်ရာကဗျာစု” ဖြင့် ပထမဆု အားလုံးဆုသုံးကြိမ်ရခဲ့ပါတယ်၊ ကဗျာပြိုင်ပွဲတွေ ဝင်ဖြစ်တာကတော့ ကဗျာဆရာ မောင်နှစ်သိမ့်(တောင်ကုတ်)ရဲ့ အားပေးမှု၊ ကူညီပံ့ပိုးမှုတွေကြောင့် ဝင်ဖြစ်တာပါ။ ဆရာမောင်နှစ်သိမ့်(တောင်ကုတ်)ကို အထူးကျေးဇူးတင်ပါတယ်။
မေး။ ။ ဆရာနဲ့ရွယ်တူ ကဗျာဆရာ အချို့ မောင်ဒန်(Modern) လိုင်းဖက်ပြောင်းရေးနေတာ တွေ့ရတယ်။ မော်ဒန်ကဗျာအပေါ် ဆရာ့အမြင်ကို ပြောပြပါ။
ဖြေ။ ။ လောကကြီးမှာ မြင်မြင်သမျှ အရာအားလုံးဟာ ပြောင်းလဲခြင်း နိယာမအတိုင်း ပြောင်းလဲနေကြမှာ၊ သို့သော် ပြောင်းလဲခြင်းတိုင်းဟာ တိုးတက်မှု မဟုတ်ဘူး၊ ဆုတ်ယုတ်လျော့ကျခြင်းဟာလဲ ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့ စာပေလောကမှာ “သူတည်းတစ်ယောက်က” စခဲ့တဲ့ကဗျာဟာ နောက်တော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ တိုးတက်ပြောင်းလဲခဲ့တာပါဘဲ။ ပြောင်းလဲတိုင်းလည်း စည်းကမ်းဘောင်တွေနှင့် စနစ်တကျ ပြောင်းလဲခဲ့တာတွေ တွေ့ရပါတယ်။
သည့်နေ့ မော်ဒန်ကဗျာ ရေးကြတဲ့လူငယ်တွေအနေနဲ့ ကတော့ စည်းနဲ့ ဘောင်နဲ့ လုပ်ရတာ ကြိုက်ကြဟန်မတူဘူး။ ဒါကြောင့်လည်း သည်နေ့လူငယ်များ မော်ဒန်ကဗျာကို အားသန်ကြ ဟန်တူပါတယ်။ ကျွန်တော့်အမြင် ပြောရရင်တော့ ကဗျာဆိုတာ အနုပညာပါ။ တစ်ခါထပ်ပြောရရင် ကဗျာဟာ ရသစာပေပါ။ ရသစာပေတစ်ခုခု ဖတ်ရင် စာဖတ်သူဟာ တစ်စုံတစ်ခုအတိုင်းအတာထိ၊ ရသကို ထိတွေ့ခံစားနိုင်ဖို့ လိုပါမယ်။ ဒါမှရသ စာပေရေးသူများရဲ့တာဝန်ကျေမှာပါ။ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ပြီးတော့ ဘာမှန်းမသိ၊ ဘာပြောမှန်းမသိဘူးဆိုတဲ့ မော်ဒန်ကဗျာမျိုးကိုတော့ ကျွန်တော်မကြိုက်ပါ။ မော်ဒန်ရေးချင်တဲ့ လူငယ်များအနေနှင့် ဂန္တဝင်ကဗျာများကို လည်း လေ့လာသင့်ပါတယ်။ မော်ဒန် ကဗျာရေးကြတဲ့ ကဗျာဆရာအချို့ကို သတိပေးချင်တာက အရိုးကို အရွက်မဖုံးဖို့ သတိပြုသင့်ပါတယ်။ အရွက်ဟာ အပေါ်ယံသာဖြစ်ပြီး အရိုးသာအနှစ်သာရဖြစ်တယ် ဆိုတာ သဘောပေါက်ရပါမယ်။
ကျွန်တော်ကတော့ ဂန္တဝင် ကဗျာဆရာဘဝနဲ့ ရပ်တည်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ တစ်ခါတစ်ရံ ကာရံလျှော့ပေါ့တဲ့ ကဗျာလေးတွေ ရေးပေမဲ့ လူတိုင်းဖတ်လို့ နားလည်အောင်တော့ သတိထားရေးပါတယ်။
မေး။ ။ ဒီနှစ် ၂၀၀၈ ခုနှစ်တောင်ကုတ်မြို့ စာဆိုတော်နေ့ စာပေပြိုင်ပွဲကျင်းပတော့ ဂန္တဝင်ကဗျာပြိုင်ပွဲဝင်သူ နည်းပြီး မော်ဒန်ကဗျာတွေ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဂန္တဝင်ကဗျာ တွေကို လူငယ်တွေဘာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာရတယ်လို့ ထင်ပါသလဲ၊ စိတ်ဝင်စားအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
ဖြေ။ ။ မော်ဒန်ကဗျာတွေသာ ပြိုင်ပွဲဝင်တာများလာတာကတော့ ထူးဆန်းတဲ့ကစ္စ တစ်ခုတော့ ဟုတ်မယ်မထင်၊ ခေတ်ရေစီးကြောင်းအတိုင်း ရွေ့လျားခြင်း သဘောဖြစ်မှာပါ။ တိုးတက်ခြင်းလား ဆုတ်ယုတ်ခြင်းလားဆိုတာကတော့ ပြောဖို့ အချိန်စောပါသေးတယ်။ စောင့်ကြည့်ရဦးမှာပါ။
စာပေနဲ့စာနယ်ဇင်း အဖွဲ့တွေ၊ အခြေခံကျောင်းတွေက ဂန္တဝင် ကဗျာတွေ သင်ပေးတာတို့ ဆွေးနွေးပို့ချ တာတွေလုပ်ရုံနှင့် တိုးတက်ပြောင်းလဲလာမယ်လို့ မထင်ပါဘူး၊ ရေများရေနိုင် မီးများမီးနိုင် ဆိုတဲ့ သဘောပါဘဲ။ အချိန်တန်တော့ ပြောင်းလဲလာပါလိမ့်မယ်။ စိတ်ဝင်စားလာပါလိမ့်မယ်။ ယဉ်ကျေးမှုတို့ အနုပညာတို့ဆိုတာ ထာဝရ ရပ်တည်နေတဲ့ အရာတွေမှ မဟုတ်တာ။ ဝတ်စားဆင်ယင်မှုကို ဘဲကြည့်တော့။ ကျွန်တော့်တို့ ငယ်ငယ်က ထူထူထဲထဲတွေ ပွပွရောင်းရောင်းဝတ်တယ်။ နောက်တော့ ပါးပါးလှပ်လှပ်ကြပ်ကြပ်တည်းတည်း တွေဝတ်လာတယ်။ ပြီးတော့တစ်ဖန် အနေတော်တွေ ဝတ်လာပြန်တယ်။ ဆင့်ကဲဆင့်ကဲ ပြောင်းလဲနေတာပါဘဲ။ ဒီနေ့ခေတ်က နည်းပညာတွေ အလွန်အားကောင်းတဲ့ ခေတ်ဖြစ်တော့ ပြောင်းလဲမှုတွေကလည်း မြန်ဆန်လှပါတယ်။
မေး။ ။ ဆရာနဲ့ ရေးဖော် အောင်သာမိုးဆိုရင် ကဗျာနဲ့စခဲ့ပေမဲ့ နောက်ပိုင်း စကားပြေ ဝတ္ထုတိုတွေ ဖက်ပြောင်းသွားခဲ့တယ်။ ဆရာ့အနေနှင့် စကားပြေကို စိတ်ဝင်းစားမှု ဆွေးနွေးပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော့်သူငယ်ချင်း အောင်သာမိုး ကဗျာနှင့် စပေမဲ့ နောက်ပိုင်း ဝတ္ထုတိုရေး ဆရာတစ်ဦးအနေနှင့် အောင်မြင်ပါတယ်။ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက စာရေးဆရာ ဖြစ်ချင်တာကိုး။ ကျွန်တော်ကတော့ စာစ ရေးတုန်းကပင် ကဗျာနဲ့စပါတယ်။ ကျွန်တော်ဖြစ်ချင်တာကလည်း ကဗျာဆရာပါ။ ကျွန်တော်လဲ ကျွန်တော့် ရည်မှန်းချက် အောင်မြင်တယ်လို့ ခံစားမိပြီး မိမိဘဝကို မိမိကျေနပ်ပါတယ်။ ခုအချိန်ထိ ကဗျာတွေ ဆက်လက်ရေးသား နိုင်သေးတာကိုပဲ ပီတိဖြစ်ပါတယ်။ ကျွန်တော် ဝတ္ထုတို မှတ်မှတ်သားသား သုံးပုဒ်ဘဲ ရေးဖြစ်ပါတယ်။ ၁၉၇၀ ခုပတ်ဝန်းကျင်က ငွေတာရီ မဂ္ဂဇင်းမှာ ရေးခဲ့တာပါ။
ပထမဆုံး ဝတ္ထုဟာ အစွဲဆိုတဲ့ အမည်နှင့် ရေးတာပါ။ ဆေးလိပ်တိုက်ဖျက်ရေး ဝတ္ထုလို့ ဆိုနိုင်ပါတယ်။ နောက်နှစ်ပုဒ်ကတော့ ပင်ရတနာ ပင်လယ်စခန်းတွေဖြစ်ပါတယ်။ ပင်လယ်ရေလုပ်သား များရဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေပါ။ အခြေအနေအရ ပါတီကောင်စီ တာဝန်တွေနဲ့ အလုပ်အလွန်များတဲ့အတွက် ကဗျာရော ဝတ္ထုရေးတာပါ နှစ်ပေါင်းအတော်ကြာကြာ ရပ်ဆိုင်း ပြတ်တောက်သွားရတာပါဘဲ၊ နောက်ဆုံး ပြန်စတော့လည်း ကဗျဘဲ ရေးဖြစ်တော့တာပါဘဲ။
မေး။ ။ နှစ်ပေါင်း လေးဆယ်ကျော်လောကကို ဖြတ်သန်းလာခဲ့ရသူ တစ်ယောက်အနေနှင့် ဒီနေ့ စာနယ်ဇင်းတွေ အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ငယ်ငယ်စာစရေးစဉ် တုန်းက စာနယ်ဇင်းတွေကို ရေရင် လက်တစ်ဖက်တောင် မကုန်ပါဘူး မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ သွေးသောက်၊ နောက်ထပ်ထွက်လာတာက နဝဒေး၊ ကာနယ်ဇင်း စတာတွေလောက်ပါဘဲ။ အဲသည်စာနယ်ဇင်းတွေမှာ ရေးခဲ့ကြတဲ့ စာရေးဆရာ ကဗျာဆရာတွေ ဟာလဲ သွက်သွက်လက်လက် ထက်ထက်မြက်မြက်နှင့် ရေးအားကောင်းသလောက် စာကောင်း ပေကောင်းတွေလည်း ထွက်ခဲ့ကြတယ်လို့ ဆိုရပါမယ်။ မဂ္ဂဇင်းကို ဦးစီးကြတဲ့ အယ်ဒီတာတွေ အလွန် တော်ကြတယ်။
သည်နေ့သည်အချိန်မှာကတော့ ထွက်တဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေကလည်း အလွန်များပါတယ်။ စာအုပ်ထုတ်လုပ်တဲ့နည်း ပညာတွေ၊ အတတ်ပညာတွေ၊ စက္ကူကောင်းကောင်းတွေနှင့် ထုတ်ဝေနိုင်ကြတော့ အရောင်အဆင်းအားဖြင့် တောက်တောက်ပပ သေသေသပ်သပ် ရှိပါတယ်။ စာပေအရည်သွေးကတော့ ရှေးတုန်းက မဂ္ဂဇင်းတွေ မီဖို့လိုသေးတယ်လို့ ခံစားရပါတယ်။ ဒါက ကျွန်တော်ရဲ့ ယေဘုယျထင်မြင်ချက်ပါ။ သည်နေ့ထွက်သမျှ မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲက ကျွန်တော်တို့ ငှါးရမ်းဖတ်ရှုနိုင်တာကလည်း နည်းနည်းလေးပါ။
မေး။ ။ ရခိုင်ထုတ်မဂ္ဂဇင်းတွေမှာ တချို့ မဂ္ဂဇင်းတွေဆိုရင် ရခိုင်အသံထွက်တွေနှင့် တစ်အုပ်လုံးရေးတားတာ တွေ့ရတယ်။ ဒီအပေါ် ဆရာအမြင်ကို ပြောပြနိုင်မလား။
ဖြေ။ ။ ဒီကိစ္စက ခပ်ရှင်းရှင်းပါ။ ထုတ်ဝေသူ တွေကို ကျွန်တော်တို့က ပြန်မေးရပါမယ်။ သူတို့မဂ္ဂဇင်း များပါဝင်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတွေကို ရခိုင်အသံထွက်နှင့် ဖတ်နိုင်တဲ့သူတွေ အတွက်လောက်ဘဲ ရည်ရွယ်သလား။ သည်လိုဆိုရင်တော့ ဘာမှအထူးအထွေ ပြောစရာမလိုပါ။ ဒါမှမဟုတ် ရခိုင်နယ်မှာရှိသမျှ စာဖတ်သူတွေအားလုံးအတွက်ပါ ရည်ရွယ်တယ်ဆိုရင် မြန်မာစာနှင့် ရေးရပါမယ်။ ဘာကြောင့်လဲဆိုရင် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေက စာဖတ်သူ အတော်များများ မြောက်ပိုင်းက ရခိုင်အသံထွက် အတိုင်း ရေးထားတဲ့ စာတွေကို လိပ်ပတ်အောင် နားမလည်ကြလို့ပါဘဲ။
ဒါထက်တဖန် မိမိတို့ထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းပါ အကြောင်းအရာတွေကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်ကြကုန်သော ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ဝ၊ ပလောင်၊ မြန်မာစတဲ့ တိုင်းရင်းသားတွေ အားလုံးသိရှိခံစားနိုင်စေချင်ရင်၊ အများနားလည်ဖတ်ရှုနိုင်မည့် မြန်မာစာဖြင့် ရေးသားရပါမယ်။ ဒါမှသာ ဦးတည်ချက် ပေါက်မြောက်မှာ ဖြစ်ပါတယ်။ စာပေဟာ လူထုဆက်သွယ် ရေးကရိယာ တခုဖြစ်တယ်ဆိုတာ အမြဲတမ်း သတိထားရပါတယ်။
ဒါထက်နဲနဲ ချဲ့ပြီး ပြောရရင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို တစ်ကမ္ဘာလုံး စာဖတ်ပရိသတ် တွေ သိစေချင်ရင် နိုင်ငံတကာသုံး အင်္ဂလိပ်စာနှင့် ထုတ်ဝေဖြန့်ချိရပါမယ်။ အစကို ပြန်ကောက်ရရင် ဒေသထုတ် မဂ္ဂဇင်း ထုတ်ဝေကြတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်ရည်ရွယ်ချက် အကျဉ်းအကျယ် အလိုက်လုပ် ဆောင်ကြ ဖို့ပါ။ အချုပ်ပြောရရင် ကိုယ့်တရား ကိုယ်စီရင်ဖို့ပါ။
မေး။ ။ ရခိုင်စာဆိုတွေထဲမှာ၊ ကဗျာဆရာအနေနှင့် ဆရာမောင်ကြင်နွယ် တစ်ယောက်သာ အမျိုးသားစာပေဆု (၃) ကြိမ်ရဖူးပါတယ်။ အမျိုးသား စာပေဆုရအောင် ရေးသား ထုတ်ဝေသွားဖို့ ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ရခိုင်ကဗျာဆရာတွေတဲက မောင်ကြင်နွယ် တစ်ယေက်သာ အမျိုးသားစာပေဆု ရဖူးပါတယ်။ ဝတ္ထုရေး ဆရာတွေ ၊ ဘာသာပြန်ဆရာတွေအနေနဲ့ တော့ရှိတာပေါ့လေ။ ကျွန်တော်အနေနှင့် ဆုရဖို့ မျှော်လင့်ချက်နှင့် ထုတ်ဝေသွားမှာ မဟုတ်ပေမဲ့၊ ကိုယ့်ဘဝတစ်သက်တာ ရေးသားပြီးသမျှ မဂ္ဂဇင်းမှာ ဖော်ပြပြီး ကဗျာတွေ့နဲ့ အသစ်ရေး စုဆောင်းထားတဲ့ ကဗျာတွေထဲက ကိုယ်အကြိုက်ဆုံး ရွေးပြီးထုတ်ဝေသွား ဖို့စဉ်းစားပါတယ်။ ထုတ်ဝေရေးဖြန့်ချိရေး ကိစ္စတွေ အသင့်အတင့် အဆင်ပြေတဲ့အခါ ထုတ်ဝေဖြစ်မှာပါ။
မေး။ ။ ရိုးမလှိုင်း(တောင်ကုတ်) မဂ္ဂဇင်း ၃ အုပ်ထိ ဆရာ တို့ဦးစီး ထုတ်ဝေခဲ့ကြပါတယ်။ ပုံမှန်ထုတ်ဝေနိုင် အောင် အကြံ ဥာဏ်ရှိရင် ပြောပြပါအုံး။
ဖြေ။ ။ ရိုးမလှိုင်း(တောင်ကုတ်) မဂ္ဂဇင်း ၃ အုပ်ကို ကျွန်တော်ဦးစီးပြီး ထုတ်ဝေခဲ့ဖူးပါတယ်။ ဒီရိုးမလှုင်း မဂ္ဂဇင်း စတင်ထုတ်ဝေဖို့ဖြစ်လာရတာတော့ ဆရာ ကိုရွှေရ(တောင်ကုတ်) ကျွန်တော့်ကို အမြဲတမ်းတကျီကျီ တိုက်တွန်းနေတာက သူမသေခင်၊ တောင်ကုတ်မြို့နယ်က တောင်ကုတ်မဂ္ဂဇင်း တစ်အုပ်ထုတ်ဝေသွားချင်တယ်။ ဆရာအောင်သာ ဆန်းဖြစ်အောင် လုပ်ပေးစမ်းပါဗျာလို့ မကြာခဏ ဆွဆွပေးနေတာနှင့် ကျွန်တော်တို့ တောင်ကုတ်မြို့နယ် စာပေ အသိုင်းအဝန်းက စုပေါင်းကြိုးစားခဲ့ကြ တာပါဘဲ။
ပထမအုပ်ကို ၁၉၉၄ ခုနှစ် ကိုရွှေရကိုယ်တိုင် ရန်ကုန်သွားပြီး ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းက အဝကျွန်း ဦးချစ်မောင် အကူညီနှင့် ထုတ်ဝေခဲ့ပါတယ်။ မျှော်လင့်တာထက် ငွေရေးကြေးရး အကုန်အကျ များခဲ့တယ်။ မဂ္ဂဇင်းကော်မတီ ဥက္ကဌက ကျွန်တော်ဖြစ်တော့ တာဝန်အားလုံး ကျွန်တော့်ခေါင်းပေါ် မှာပါ။ ဖြန့်ချီရေးပိုင်းမှာ အခက်အခဲ မျိုးစုံကို ကြုံတွေ့ရပါတယ်။ ဒုတိယအုပ်မှာလဲ ဥက္ကဌက ကျွန်တော်၊ တာဝန်ခံစာတည်းကလည်း ကျွန်တော်ပါဘဲ။ ဖြန့်ချီရေးပိုင်းမှာ ထင်သလောက် မအောင်မြင်ဘူး၊ ဒါကြောင့် အမြတ်အစွန်း မကျန်ဘူး။ တတိယအုပ်မှာလည်း တာဝန်ခံ စာတည်းက ကျွန်တော်ပါဘဲ။ ငွေရေးကြေးရေး၊ မယက ကဘဲ စိုက်ပါတယ်။ စာအုပ်ထွက်လာတော့ အားလုံးစာရင်း အင်းပါ ချုပ်ပြီး သူတို့ကို လွှဲပေးလိုက်တယ်။ ကျွန်တော် တို့ ရိုးမလိုင်း မဂ္ဂဇင်းမှာ စာအုပ်ထွက်ရှိရေး စာပေအဆင့်အတန်း မြင့်မားရေးအတွက် အခက်အခဲရှိပါတယ်။မြို့နယ်အတွင်း ဖြန့်ချိရေးရော အခြားမြို့နယ်များနှင့် ဆက်သွယ်ဖြန့်ချီရတာ အခက်ခဲတွေ အများကြီးပါဘဲ။
ဖြန့်ချိရေးပိုင်းမှာ မအောင်မြင်ရင် နောက်ထွက်လာဖို့ ဆိုတာ မဖြစ်နိုင်ပါ။ အကြံပေးချင်တာကတော့ ရန်ကုန်မှာရှိနေတဲ့မြို့နယ် အသင်း ခရိုင်အသင်း အပါအဝင် မြို့နယ်အာဏာပိုင်အဖွဲ့ အစည်းများ အပါအဝင် အခြားမြို့နယ် များရှိ စာပေနှင့် စာနယ်ဇင်း အဖွဲ့များ အချင်းချင်းပါ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးနိုင်ပါမှ စဉ်ဆက်မပြတ် ထုတ်ဝေနိုင်မှာပါ။
မေး။ ။ ရခိုင် ဒေသထုတ် မဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ စာရေးဆရာ အများစုဟာ ကိုယ်စာပေယဉ်ကျေးမှု အနုပညာ ဓလေ့ရိုးရာတွေကို ပြည်မထုတ် မဂ္ဂဇင်းတွေမှ အရေးနည်းတာတွေ့တယ်။ ဒီပေါ် မှာ ဆရာအမြင်ကို ပြောပြပါ။
ဖြေ။ ။ အဓိကကတော့ ဖြစ်ချင်တဲ့ ဆန္ဒနှင့် ဇွဲလိုပါတယ်။ စားရေးသူတစ်ယောက်အနေနှင့် မိမိ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ရိုးရာတွေကို ကဗျာနှင့်ဖြစ်စေ၊ ဝတ္ထုဖြင့်ဖြစ်စေ ဆောင်းပါးဖြင့်ဖြစ်စေ၊ တင်ပြရာမှာ အနုပညာရသမြောက်အောင် ဖွဲ့ဆိုနိုင်မှုက အဓိကကျပါတယ်။
ကျွန်တော်တို့ ရခိုင်က ဒေသထွက်မဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေဟာ လည်း မညံ့ပါ။ ပြည်မက မဂ္ဂဇင်းအရေးနည်းတာက ဇွဲနှင့် ထပ်ခါထပ်ခါ မတိုးလို့ မပါကြဘူးလားထင်ရ ပါတယ်။ ဇွဲနှင့်တိုးရင် အောင်မြင်တဲ့ကဗျာဆရာ စာရေးဆရာတွေ ဖြစ်ကြမှာပါ။ အရည်အချင်းအားဖြင့် မညံ့ကြပါး။
မေး။ ။ လူငယ်တွေ စာဖတ်နည်းတာရယ်၊ အပျော်ဖတ်စာ တွေဘဲ ဦးစားပေးဖတ်တာတွေပေါ်မှာ မြို့နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဌတစ်သဦး အနေနဲ့ ဘာလုပ်ပေးသင့်တယ် ထင်ပါသလဲ။
ဖြေ။ ။ လူငယ်တွေ စာဖတ်နည်းတာကတော့ သူတို့လွတ်လွတ်လပ်လပ် ဖတ်နိုင်ဖို့ စာဖတ်ခန်းတို့ စာဖတ်အသင်းတို့ ကျယ်ကျယ်ပြန့်ပြန့် မရှိတာရယ်။ ငှားဖတ်ဖို့ ဆိုပြန်တော့လည်း စာအုပ်ငှါးခတွေက လည်း အလွန်ဈေးကြီးတော့ လူငယ်တွေနဲ့ စာပေနှင့် ဝေးတာပေါ့လေ။ သူတို့ကို စာဖတ်ခန်းတွေ စာကြည့်တိုက်တွေ စည်းရုံးခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ပိုင်းက လုပ်နေတာတွေ ရှိသလို ကျွန်တော်တို့ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကလည်း ကျေးရွာရပ်ကွက်ထိအောင် စာဖတ်ခန်းများ ဖြစ်ပေါ်တိုးတက်လာအောင် ဝိုင်းဝန်းကူညီ ကြရမှာပါ။
မေး။ ။ ဆရာ့အလုပ်အကိုင် မိသားစု အခြေအနေနှင့် ဆက်သွယ်ရမယ့် လိပ်စာ ကလေးပြောပါအုံး။
ဖြေ။ ။ ကျွန်တော်ရော ကျွန်တော်ဇနီးပါ ပညာရေးကျောင်း ဆရာအငြိမ်းစားများပါ။ သမီးကတော့ ယခု ဆရာတို့နေတဲ့ အိမ်မှာဘဲ ကျူရှင်ပြပါတယ်။ ဆက်သွယ်နိုင်တဲ့ အလိပ်စာကတော့ ၈၃၉၊ လမ်းသွယ်(၁) ဆေးရုံကွက်သစ်၊ တောင်ကုတ်မြို့ဖြစ်ပါတယ်။
မေးခွန်းတွေကို အချိန်ပေးဖြေကြားပေးတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ် ဆရာ။
လာရောက် အင်တာဗျူးတဲ့ ရိုးမလှိုင်း မဂ္ဂဇင်းကော်မတီကိုလည်း ကျွန်တော် က ကျေးဇူးတင်ပါတယ်။
သန်းလှိုင်(စိုက်သိပ္ပံ) တွေ့ဆုံ မေးမြန်းသည်
(ဤအင်တာဗျူးအား ၂၀၀၉ ခုနှစ် ရိုးမလှိုင်း တောင်ကုတ်မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်)
Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and
to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: