ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြစ်နားရွာ ဆရာတော် အရှင်ဘုရားနှင့် တွေ့ဆုံမေးမြန်းခန်း
မြစ်နားရွာ အရှင်ဘုရား ဦးပဏ္ဍိ၏ သက်တော်မှာ ၈၁ နှစ်ရှိပြီး၊ ၀ါတော်က ၆၁ ၀ါဖြစ်ပါသည်။ အရှင်ဘုရားကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်ပိုင် ကျွန်းတောင်ရွာ၌ အဖ ဦးမြထွန်းကျော်နှင့် အမိဒေါ် ထာရီမေတို့မှ ရခိုင်သက္ကရာဇ် ၁၂၈၈ ခုနှစ် တန်းဆောင်မုန်းလ္ဆုတ် ၁၃ ရက် ၊ကြာသပတေး နေ့တွင် မွေးဖွားခဲ့သည်။ အရှင်ဘုရားမှာ ဒုတိယကမ္ဘာ့စစ်ကြီးအတွင်း ၁၉၄၂-ခုနှစ် မောင်တောမြို့နယ်တွင် ဗုဒ္ဓဘာသာနှင့် မူဆလင်တို့ အဓိကရုဏ်းဖြစ်မှုကြောင့် နတ်မြစ်အနောက်ဘက်ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကမ္ဘာ့စစ်ကြီး ဖြစ်နေချိန်ဖြစ်၍ ထိုအချိန်တွင် ရခိုင်ပြည်နယ်နှင့် ယခုအခါ ဘင်္ဂလာဒေ့ခ်ျနှစ်နိုင်ငံစလုံးကို ဗြိတိသျှအစိုးရ အုပ်ချုပ်ချိန်ဖြစ်သည်။
ယခုအခါ ဆရာတော်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်-မာရ်မာသံဃာကောင်စီ၏ ဥက္ကဌဖြစ်ပြီး ကမ္ဘာဗုဒ္ဓ ဘာသာသံဃာကောင်စီတွင်လည်း အဖွဲ့ဝင်ဖြစ်ပါသည်။ ၎င်းအပြင် WFB အဖွဲ့ဝင်လည်း ဖြစ်သည်။ ဆရာတော်မှာ တက်ကနက်မြို့နယ် မြစ်နားရွာ ကျေးရွာ အသောကာရုံကျောင်းတိုက်တွင် ကျောင်းထိုင် သီတင်းသုံးနေပါသည်။

မေးခွန်း(၁)    လက်ရှိ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ရဟန်းသံဃာများ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးလို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုအပေါ် ဆရာတော်ရဲ့ အမြင်လေးသိပါရစေဘုရား။

ဖြေ။ ။    မြန်မာပြည်ရှိ ယခုဖြစ်ပေါ်နေသော ရဟန်းသံဃာများ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန် ရေးမှာ မေတ္တာတရားကို အဓိကထား၍ မေတ္တာပို့လမ်းလျောက်ခြင်းသာ ဖြစ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ အဓမ္မ၀ါဒီ အစိုးရရဲ့မတရားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသောကြောင့် တိုင်းပြည်ရှိ အမျိုးဘာသာသာသနာမှာ တနေ့ထက်တနေ့အခြေအနေ ဆိုးရွားလာသောကြောင့် ဖြစ်ပါတယ်။ ရဟန်းတော်များအနေဖြင့် အမျိုးဘာသာ သာသနာတော်အရေးကို လက်ပိုက်ကြည့် မနေနိုင်တဲ့အတွက် အခုလို သက်စွန့်ကာ ပံ့ပိုးကူညီရမယ့် အချိန်နဲ့ အနေအထားကို ရောက်ရှိ လာတဲ့အတွက် ဘာသာ သာသနာနဲ့တိုင်းပြည် အကျိုးကို ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ ရဟန်းတော်များဟာ တာဝန်သိစိတ်ရှိသောကြောင့် မိမိတို့၏ အသက်ကိုမငဲ့ကွက်ပဲ ရဟန်းတော် များပီပီ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ အနေနဲ့ စီတန်းလမ်းလျောက်မေတ္တာပို့ ဆန္ဒပြ ရခြင်းဖြစ်ကြပါတယ်။

မေးခွန်း(၂)     လက်ရှိ အခြေအနေမှာ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုဟာ ကျဆုံးသွားပြီး ရှုံးနိမ့်သွားပြီလို့ အရှင်ဘုရားယူဆပါသလား။

ဖြေ။ ။    ဆရာတော်၏ ထင်မြင်ချက်မှာ မြန်မာပြည်ရှိ ရဟန်းတော်များချီတက်ဆန္ဒပြ မေတ္တာပို့ လမ်းလျောက်ရခြင်းမှာ ဘုရားရှင်၏ အလိုတော်အရ ရှုံးနိမ့်ဖို့ အကြောင်းအရာ မရှိဘူးလို့ ယူဆ ပါတယ်။ ဘာအတွက်ကြောင့်လည်းဆိုတော့ ဘုရားရှင်၏ သားတော်များမှာ နှစ်ပေါင်း၂၅၀၀ ကျော်အထိ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်လာခဲ့တယ်ဆိုတဲ့ အချက်ကလည်း အောင်မြင်မှု တရပ်ပင်ဖြစ်ပါတယ်။ ရှေ့ကိုလည်း ဆက်လက်၍ သာသနာ၅၀၀၀တိုင်အောင် ရဟန်းတော်များ တညီတညွတ်တည်း ပေါ်ပေါက်လာသော အန္တရာယ်များကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်နိုင်လိမ္မည်ဟု ဆရာတော်ယုံကြည်ထားပါတယ်။

မေးခွန်း(၃)    ရဟန်းတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုအပေါ်နအဖ စစ်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ် ဘာသာရေးအရှု့ထောင့်က ဘယ်လိုမြင်ပါသလဲ ဘုရား။

ဖြေ။ ။    မြန်မာပြည်ကို လက်ရှိအုပ်ချုပ်နေသော နအဖ စစ်အစိုးရမှာ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး။ပညာရေး၊စီးပွားရေး စတာတွေကို လုံးဝ ထည့်သွင်းမစဉ်းစားပဲ သူတို့စစ်အုပ်စု ကောင်းစားရေးတခုတည်းကိုသာ အားထုတ်နေတဲ့ အစိုးရဖြစ်တာကြောင့် ရဟန်းတော်တွေကို အကြမ်းဖက်ပြီး သတ်ဖြတ်နှိမ်နှင်းတဲ့ အစိုးရဖြစ်တာကြောင့် ရဟန်းတော်တွေကို အကြမ်းဖက် နှိမ်နှင်းတာဖြစ်ပါတယ်။ နအဖ စစ်အုပ်စုဟာ ဘာသာသာသနာရေးအကျိုးကို လုံးဝစဉ်းစားခြင်းမရှိပဲ ဘာသာရေးကိုခုတုံးလုပ်ပြီး စစ်အာဏာရှင်စနစ်တည်မြဲရေး တခုတည်းကိုသာ အဓိကထား လုပ်ကိုင်နေတာကို တွေ့နေရတယ်။ မြန်မာပြည်ရဲ့ ဘာသာရေးနှင့် ဘာသာရေးအပေါ် လုံးဝလေးစားယုံကြည်မှုမရှိတဲ့အတွက် အထက်က ရဟန်းတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့သမှုကို ကမ္ဘာပေါ်ရှိ ဘယ်ဘာသာကမှ မနှစ်မြို့နိုင်တဲ့ အပြု အမူမျိုးတွေနဲ့ အာဏာစက်ကို သုံးစွဲကာ သွေးမြေကျအောင် ညှင်းပမ်းသတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နအဖ စစ်အုပ်စုဟာ အဓမ္မ၀ါဒီ လူရိုင်းများသာဖြစ်တယ်လို့ ဆရာတော် မိန်းကြားလို ပေတယ်။

မေးခွန်း(၄)    ရခိုင်ပြည်မှာ ရဟန်းတော်တွေ ဦးဆောင်တှဲ့ဆန္ဒပြမှုတွေ အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ နောက်ဆက်လက်ပြီး ရခိုင်ရဟန်းတော်တွေ ဘာတွေဆက်လုပ်သင့်သလဲလို့ ယူဆပါသလဲ။

ဖြေ။ ။    ရခိုင်ပြည်မှာ နှစ်ပေါင်း ၅၀၀၀ ကျော်ကိုယ့်မင်း ကိုယ့်ထီးနဲ့အုပ်ချုပ်ခဲ့ နေထိုင်လာခဲ့တဲ့ အလွန် ရှေ့ကျတဲ့ တိုင်းပြည် တပြည်ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊သာသနာရေး၊ပညာရေးနှင့် စီးပွား ရေးတို့မှာလည်း အလွန်ကြီးမားပြီး ရှေ့တန်းကိုရောက်ခဲ့တဲ့ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ဗြိတိသျှခေတ်မှာလည်း ရခိုင်ရဟန်းတော်များဟာ ရှေ့တန်းမှနေပြီး အမျိုးဘာသာ သာသနာအကျိုးကို ဦးဆောင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိခဲ့ပါတယ်။ သို့ဖြစ်၍ ယနေ့ရခိုင်ရဟန်းတော်များအား ဆရာတော် မှာကြားလိုတာကတော့ ခုလိုနအဖစစ်အုပ်စုဟာ သာသနာ ဘာသာညှိုးနွမ်းအောင် လုပ်နေတဲ့အတွက် ဗမာအစိုးရလက်အောက်မှာ ရခိုင်အမျိုးသားတွေ ဆက်လက်နေထိုင်နိုင်ရန် မဖြစ်နိုင်တော့တဲ့အတွက် အထပ်ပါ အရေးကိစ္စများတွေမှာ အရိုးကြေကြေ၊အရေခမ်းခမ်း နောက်မဆုတ်ပဲ ရခိုင်ပြည်လုံးဝ လွတ်လပ်ရေးရသည်အထိ ဆောင်ရွက်သွားကြပါရန် ဆရာတော်အနေဖြင့် မိန်းကြားလိုပေတယ်။

မေးခွန်း(၅)    လက်ရှိမြန်မာနိုင်ငံအပေါ် ဘယ်လိုအမြင်ရှိပါသလဲ ဘုရား။

ဖြေ။ ။    မြန်မာပြည် အခြေအနေကို လေ့လာဆန်းစစ်ကြည်ရလို့ ရှိရင် လူမျိုးရေး၊ သာသာရေး၊ သာသနာရေး၊စီးပွားရေး၊ပညာရေးတို့မှာ အလွန်ခေတ်နောက်ကျနေတာကို တွေ့မြင်ရပါလိမ့်မယ်။ အကြောင်းကတော့ တိုင်းပြည်ကို အုပ်ချုပ်သော အစိုးရညံ့ဖျင်းလို့ ဖြစ်ရတာဖြစ်ပါတယ်။ ဌာနဆိုင်ရာ များတွင် တာဝန်ပေးအပ်ခြင်းခံရတဲ့ ၀န်ကြီးတွေဟာ စစ်ဗိုလ်များသာဖြစ်တဲ့အတွက် ၎င်းတို့မှာကမ္ဘာ့အဆင့်မီ ပညာရေး၊စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် မကျွမ်းကျင်ကြတဲ့အတွက် ဖြစ်ပါတယ်။ ထို့ပြင် နိုင်ငံခြားရေး ဆိုင်ရာ သံတမန်ကိစ္စများမှာလည်း စစ်ဗိုလ်များကိုသာ ဦးစားပေးခန့်အပ်ထားတဲ့အတွက် ၎င်းတို့မှာ သံတမန်ရေးရာများတွင် အလွန်အားနည်းချက်များ ရှိနေပါတယ်။ စီးပွားရေးတွင်လည်း စီးပွားရေး ပညာရှင်များနည်းပါးသောကြောင့် နိုင်ငံခြားနှင့် စီးပွားရေး ဆက်ဆံရာ တွင် အဆင်မပြေပဲ ရှိနေပါတယ်။ သို့ဖြစ်၍ မြန်မာပြည်တွင် ခေတ်မီနည်းစနစ်ဖြင့် တိုးတက်လိုသော် အထပ်ပါ ဌာနတွေမှာ ကျွမ်းကျင်လိမ္မာသော ပညာရှင်များကို ခန့်အပ်ထားဖို့ လိုအပ်ပါတယ်။

မေးခွန်း(၆)     ရခိုင်ပြည်သူတွေကိုကော အရှင်ဘုရား ဘာများမှာကြားစရာ ရှိပါသလဲ။

ဖြေ။ ။    ရခိုင်ပြည်ရှိ ရဟန်းရှင်လူ ပြည်သအပေါင်းတို့အာ မှာကြားရမယ်ဆိုရင် ကဏ္ဍနှစ်ခုခွဲခြားပြီး မှာကြားရပါလိမ့်မယ်။ ပထမမှာက ရဟန်းတော်များ အုပ်စုဖြစ်ပြီး မှာကြားလိုတာကတော့ အရှင်ဘုရား တို့သည် ပါဠိဘာသာ တခုတည်းကို သင်ကြားပြီး ငါပညာတတ်ဖြစ်ပြီဟု မယူဆကြပဲ ခေတ်မီပညာရေး ကိုပါ အထက်တန်းကျကျ လေ့လာသင်ကြားစေလိုပါတယ်။ သိပ္ပံပညာတိုးတက်နေတဲ့ ယနေ့ခေတ်မှာ အရှင်ဘုရားတို့အပေါ် ခေတ်နောက်ကျနေတာကို တွေ့မြင်နေရတဲ့အတွက် လောကီ လောကုတ္တရာ နှစ်ဖြာသောစာပေတွေကို လေ့လာလိုက်စားကြဖို့ မှာကြားလိုပါတယ်။ ဒုတိယ အနေနဲ့ တပည့်တကာ တကာမများအား ဆရာတော်အနေဖြင့် မှာကြားလိုတာကတော့ မြတ်စွာဘုရား ဟောကြားခဲ့သော ငါးပါးသီလထဲတွင် တပါးအပါအ၀င်ဖြစ်သော အရက်သေစာ သောက်စားခြင်းကို အထူးရှောင်ကြည်ကြဖို့ ဆရာတော်က မှာကြားလိုပါတယ်။ ဓါးကိုဖျက် ၀ါးမျက် ရခိုင်ကိုဖျက် အရက်ဖြစ်နေတဲ့အတွက် ခုလိုအလေးပေးမှာကြားရတာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပညာ ကို အထက်တန်းကျကျ လေ့လာသင်ကြားပြီး နိုင်ငံတကာ အဆင့်အတန်းမီ ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ ရခိုင်မျိုးကောင်း သားကောင်း သမီးကောင်းတွေ ပေါ်ထွန်းဖို့ ဆရာတော် မေတ္တာပို့ဆုတောင်း လိုက်ပါတယ်။ ၀ီးရိယထုတ်ကြိုးစားကြရင် ဘယ်ကိစ္စမှာမဆို အောင်မြင်နိုင်တဲ့ တွက် ဆရာတော် အနေဖြင့် အထူးအကြံပေး မှာကြားရတာ ဖြစ်ပါတယ်။

မေးခွန်း(၇)     အရှင်ဘုရား ပြောစရာရှိတာတွေကို ပြောပြနိုင်ပါတယ်။

နောက်ဆက်၍ ဆရာတော်အနေဖြင့် ရဟန်းတော်များနှင့် ပတ်သတ်၍ မိန်းကြားလိုသည်မှာ မြန်မာပြည်တွင် ပါဠိဘာသာစနစ်ကို ခေတ်မီပညာရေးစနစ်အဖြစ်သို့ ပြောင်းလွဲပစ်ဖို့လိုပါတယ်။ အထက်ပါ ကိစ္စနှင့်ပတ်သတ်၍ ရဟန်းပညာရေး စနစ်ကိုပြုပြင်ရန်မှာ စာပေပို့ချမည့်နေရာ၊ ရဟန်းတော်များ စာသင်ကျောင်းအပြင် စာသင်တိုက်များတွင် ပါဠိဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သီဟိုဠ်ဘာသာ၊အိန္ဒိယဘာသာများကို ပြဌာန်းသင်ကြားဖို့ လိုပါတယ်။ အထက်ပါ ပညာရေးစနစ်အောက်ကျနေမှုကြောင့် မြန်မာသံဃာတော်များမှာ ခေတ်ကိုမလိုက်နိုင်ဘဲ နောက်ကျ နေသည်ကို ဆရာတော်ကိုယ်တိုင် တွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာရဟန်းတော်တပါး ဓမ္မစရိယ အောင်ပြီး သီဟိုဠ်ကျွန်းသို့ ပညာသင်ကြွှလာသည့်အခါ ဆရာတော်ကိုယ်တိုင် ၎င်းရဟန်းတော်ကို စာသင်တိုက်သို့ သွားသွင်းပေးတဲ့အခါ ၎င်းကိုယ်တော်မှာ မူလတန်းတွင် သာ သင်ကြားခွင့် အခွင့်အရေး ရရှိလေတဲ့အတွက် ဖြစ်ပါတယ်။ ထို့နောက် လူပိုဂ္ဂိုလ်များအား အကြံပေးလိုသည်မှာ မြန်မာပြည်ပညာရေး စနစ်မှာ အလွန်ခေတ်နေက်ကျသော ပညာရေးစနစ်ဖြစ်ပါတယ် ။ဥပမာပြောရရင် ဘွဲ့ရတဲ့ ကျောင်းသား ယောက်တောင်မှ အင်္ဂလိပ်စကားမပြောတတ်၊ အင်္ဂလိပ်စာမရေးတတ်၊ စာကိုအသံထွက်မှန်မှန် မဖတ်တတ်တဲ့အပြင်မြန်မာဘာသာကိုပင် သဒ္ဒါမှန်အေင် မပြောမရေး တတ်ကြပါ။ အထက်ပါအချက်အလက်များကြောင့် မြန်မာပြည်ကျောင်းသားများမှာ အနောက် နိုင်ငံကိုထား အာရှတိုက်လောက်မှာပင် ကျွန်းကျင်စွာပြောဆိုမှု ရေးသားနိုင်မှု မရှိသည်ကို တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြတဲ့ ဘင်္ဂလာဒေ့ခ်ျ၊ အိန္ဒိယ၊ ပါကိစ္စ တန်နှင့်ထိုင်းနိုင်ငံများ အဆင့်အတန်းကို မီဖို့ရာ နှစ်ပေါင်း ၁၀၀ ခန့်လိုအပ်ပါလိမ့်မည်။ ထိုကဲ့သို့သော နောက်ကျနေသည်ကို ပြုပြင်ရန်မှာတိုင်းပြည်ကို အုပ်ချုပ်ထားသော နိုင်ငံတော်အစိုးရမှာ လုံးဝတာဝန်ရှိတယ်လို့ ဆရာတော်မိန်းကြားချင်ပါတယ်။

 

****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.