ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ) ဥက္ကဌဟောင်း ဗိုလ်မှူး မောင်ဟန်နှင့် တွေ့ဆုံမေးမြန်းခန်း
 ယခုလထုတ် အာရ်ကန်ပို့(စ်) သတင်းစာစောင်တွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (အေစီပီ)ပါတီ ဥက္ကဌဟောင်း ဗိုလ်မှူးမောင်ဟန်နှင့် မေးမြန်းခန်းကို ဗိုလ်မှူး၏ တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်စွန့်လွှတ်ခဲ့သည်များကို အသိအမှတ်ပြု လေးစားသည့်အနေဖြင့် ရေးသားဖော်ပြ လိုက်ပါသည်။

ဗိုလ်မှူးမောင်ဟန်ကို ရခိုင်ပြည်နယ်ရသေ့တောင် မြို့နယ် ညောင်ပင်လှကျေးရွာတွင် အဖ ဦးမောင်သာဦးနှင့် အမိဒေါ် ကြာဇံဖြူတို့မှ ၁၉၃၅-ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းခုနှစ်ဦး အနက် ဗိုလ်မှူးမောင်ဟန်မှာ တတိယမြောက်သားဖြစ်သည်။ ဗိုလ်မှူးမောင်ဟန်မှာ ၁၉၅၀-ခုနှစ်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ (အလံနီ)တွင် စတင်ဝင်ရောက်ခဲ့ပြီး တစ်ပါတီ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ကာ တော်လှန်ရေးတာဝန်ကို ကျရာနေရာ ကနေ ထမ်းဆောင်ရင်း ပေါက်တောမြို့နယ် ကျွန်းစဉ်တွင် ဒေါ်မြုံမနှင့် ၁၉၆၀-ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သားနှစ်ယောက်နှင့် သမီးတယောက်ထွန်းကားခဲ့သည်။

နောက်ပိုင်းတွင် သားကြီးကို ပြည်သူ့ရဲဖော်များက သတ်ပစ်ခဲ့ကြသည်။ ဗိုလ်မှူးမောင်ဟန်မှာ ရခိုင်ပြည်အတွင်း တချိန်တခါက နာမည်ကြီး ခေါင်းဆောင်တဦးဖြစ်သည်။

နေ၀င်းစစ်အစိုးရက ဖြတ်လေးဖြတ်စီမံကိန်းဖြင့် ရခိုင်ပြည်မှ လက်နက်ကိုင် တော်လှန်ရေး ပါတီများကို အပြင်းအထန်နှိမ်နှင်းချိန်တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဘက်သို့ ထွက်ခွာလာပြီး တော် လှန်ရေးကို ဆက်လက်ဆင်နွဲခဲ့သည်။

ထိုအချိန်မှစတင်ပြီး ယနေ့တိုင် ရန်သူ့ထံ လက်နက်မချ အညံ့မခံဒူးမထောက်ပဲ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ ၀ါးခွတ်ချောင်းရွာ (၀ါဂူပါရာ)တွင် တဦးတည်းနေထိုင်ပြီး ယခုအခါ အသက် ၇၃-နှစ်ရှိ နေကာ တယောက်တည်း လောကဓံတရားကို ကြံ့ကြံ့ခံလျက်ရှိသည်။

နိရဉ္စရာ ။ ။ ဗိုလ်မှူးအနေနဲ့ တော်လှန်ရေး၊ နိုင်ငံရေးထဲမှာ ပါဝင်ခဲ့ပုံနဲ့ ဗိုလ်မှူးဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ တော်လှန်ရေးအတွေ့အကြုံတွေကို အကျဉ်းချုံပြီး ပြောပြပေးပါလား။

ဗိုလ်မှူး ။ ။ တော်လှန်ရေးကို စတင်ပါဝင်ခဲ့တာက ၁၉၅၀-ခုနှစ် ရသေ့တောင်မြို့နယ်မှာ ၀ါဘိုသား ကျောင်းဆရာကြီတဦး ဦးဆောင်တဲ့ အလံနီပါတီမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။

၁၉၅၇-ခုနှစ်မှာ အလံနီပါတီ ဗဟိုရှိရာဖြစ်တဲ့ မကွေးတိုင်း(ပခုက္ကူခရိုင်)ပုံတောင်ပုံညာကို ပြောင်းရွေ့ပြီး ၅၇-မှ ၆၀-ခုနှစ်အထိ ဗဟိုစည်းရုံးရေး(ယာယီ)တာဝန်နဲ့ တပ်ကြပ်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင် ခဲ့ပါတယ်။ ပါတီဥက္ကဌ သခင်စိုးရဲ့ ဗဟိုလုံခြုံရေးတာဝန်ကို ယူခဲ့ ရတယ်။ ၁၉၆၀-ခုနှစ်မှာ ရခိုင်ပြည်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖြစ် တာဝန်ယူခဲ့ရပါ တယ်။ ၁၉၆၂-ခုနှစ်မှာ သခင်စိုး ရခိုင်ပြည်ကို ရောက်လာတဲ့အခါ သူချမှတ်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဟာ သူတို့ချမှတ်ထားတဲ့ လမ်းစဉ်နဲ့ မကိုက်ညီတဲ့အတွက် အဲဒီနှစ် မတ်လမှာ ဦးကျော်ဇံရွီ ခေါင်းဆောင်ပြီး ရခိုင်အမျိုးသားတွေဟာ အလံနီပါတီက ခွဲထွက်ပြီးတော့ ရခိုင်ပြည်ကွန်မြူနစ်ပါတီ ဆိုတဲ့အမည်နဲ့ ရပ်တည်ခဲ့ပါတယ်။ ရခိုင်ပြည် ကွန်မြူနစ်ပါတီမှာ ဗဟိုကော်မတီတာဝန်နဲ့ စစ်ရေးကော်မရှင် တာဝန်ကိုပါ ပူးတွဲတာဝန်ယူခဲ့တယ်။ ၁၉၇၃-ခု နှစ်မှာ ဦးကျော်ဇံရွီနဲ့ နိုင်ငံရေးလမ်းစဉ် မတူညီတဲ့အတွက် တခါကွဲကြပြီး ရခိုင်ပြည်ကွန်မြူနစ် ပါတီ ဗဟိုထိမ်းသိမ်းရေးကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ကြပြီး တော်လှန်ရေးကအနားယူတဲ့ ၁၉၈၈-ခုနှစ်အထိ အဲဒီပါတီမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

နိရဉ္စရာ ။ ။ ဘာကြောင့်အနားယူခဲ့ရပါသလဲ

ဗိုလ်မှူး ။ ။ ကျန်းမာရေးကြောင့်ပါ။

နိရဉ္စရာ။ ။ ဒီကနေ့ ရခိုင်ပြည်တော်လှန်ရေးမှာ ရခိုင်အမျိုးသားလုံး လိုလားနေတဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးကို တော်လှန်ရေးအုပ်စုတွေအကြားမှာ မတည်ဆောက်နိုင်တာ ဘာကြောင်းလို့မြင်ပါသလဲ။

ဗိုလ်မှူး။ ။၁၉၅၀-ခုနှစ် လူငယ်ဘ၀မှာ နိုင်ငံရေးကိုလည်း သေသေချာချာ နားမလည်တော့ စစ်ရေးဘက်ကိုဘဲ အားသန်ခဲ့တယ်။ ၁၉၇၃-ခုနှစ် ဦးကျော်ဇံရွီနဲ့ကွဲပြီး ခေါင်းဆောင်ပိုင် တာ ၀န်ယူလာရတဲ့ အချိန်ကဆို တော်လှန်ရေးအင်အားတွေကလည်း အားကောင်းတဲ့အချိန် ဆရာ တော်ဦးစိန္တာ ခေါင်းဆောင်ပြီး ညီညွတ်ရေးကို ရှေ့ဆောင်လုပ်ကိုင်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ နောက်ပိုင်းမှာ သူ့ပါတီသာပြိုကွဲပြီး ဆရာတော်ဟာ နောက်ဆုံးရန်သူထံ လက်နက်ချသွားခဲ့ရ တယ်။ ဒါတွေဟာ ဘာကိုပြသလဲဆိုရင် ခေါင်းဆောင်အသီးသီးဟာ ညီညွတ်ရေးနဲ့ စည်းရုံ့း ရေးကို လိုလားသော်လည်း တကယ်စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်ဖို့ တိကျမှန် ကန်တဲ့ မူပေါ်လစီမရှိသလို ညီညွတ်ရေးနဲ့ပတ်သတ်ပြီး ကိုယ်ကျိုးစွန့် ပေးဆပ်နိုင်မှု အပိုင်း မှာလည်း အားနည်းလို့ ဖြစ်တာလို့ သုံးသပ်မိပါတယ်။ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမဲ့ ရခိုင်သားတွေဟာ ရည်ရှည်အကျိုးကို မကြည့်သလို တကိုယ်ကောင်း ဆန်ခဲ့ကြတဲ့အတွက် တော်လှန်ရေးစာမျက်နှာမှာ အထီးကျန်ခဲ့ရတယ်။

ရခိုင်လူမှုအဖွဲ့အစည်းဟာ တော်လှန်ရေးအဆက်ဆက်မှာ ဆရာတော်ဦးဥတ္တကစပြီး ခေါင်း ဆောင်မှု နေရာက ပါဝင်ခဲ့ပေမဲ့လည်း ရခိုင်တွေမှာ စိတ်တိုတတ်ပြီး ခဏတဖြုတ် စိတ်လိုက် မာန်ပါ လုပ်တတ်တဲ့အကျင့်တွေကြောင့် ရည်ရှည်မှာ မတည်တံ့နိုင်ဘဲ ဖြစ်ခဲ့ကြရတာ ဖြစ်ပါ တယ်။ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး ရည်ရှည်မလုပ်ကိုင်နို်င်တဲ့အတွက် ဘယ်တော်လှန်ရေးမှ တာရှည်မခံဘဲ နိဂုံးချုပ်ခဲ့ရပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်ခဲ့ကြရပါတယ်။ ဤသည်ပင် ရခိုင် အမျိုးသားတွေအကြား စုစည်းမှုကို မဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။

နိရဉ္စရာ။ ။ ဗိုလ်မှူးအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ အမျိုးသားညီညွတ်ရေး တည်ဆောက်မှုတွေ လုပ်ခဲ့တာ ရှိခဲ့ပါသလား။

ဗိုလ်မှူး။ ။ ၁၉၇၃-ခုနှစ် ကရင်ကိုသွားပြီး ကေအန်ယူနဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဥက္ကဌ ခိုင်မိုးလင်းတို့နဲ့ မဟာမိတ်ဖွဲ့ပြီး တပ်ဦးကိုဖွဲ့စည်း ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

နိရဉ္စရာ။ ။ယခုလက်ရှိ ရခိုင်အမျိုးသား အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများကို ဗိုလ်မှူး အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဗိုလ်မှူး။ ။ ရခိုင်အမျိုးသား အင်အားစုတွေ အချင်းချင်း အတိုက်အခံ ဖြစ်နေကြတာဟာ အလားအလာ မကောင်းဘူးလို့မြင်တယ်။ လွန်ခဲ့တဲ့အတိတ်ကာလကလို တပါတီနဲ့တပါတီ အသက်သေအောင်ထိ တိုက်တာခိုက်တာတွေ မဖြစ်ကြသော်လည်း နောင်ရေးကို ရင်လေးမိ တယ်။ စုစည်းမှု မလုပ်နိုင်ရင် ရခိုင်အမျိုးသားတွေအတွက် အန္တရာယ်ရှိတယ်။ ရခိုင်ပြည် ကိုလို နီဖြစ်လာတာ နှစ်ပေါင်းနှစ်ရာကျော်လာပြီ ဖြစ်တယ်။ ဗမာပြည်ဆင်းရဲသလို ရခိုင်ပြည်ဟာ လည်း အဆင်းရဲဆုံးပြည်ဖြစ်လာရတယ်။ သို့သော်လည်း ရခိုင်ပြည်မှာ အရင်က သူတောင် စား၊ အိုးမဲ့အိမ်မေ့တွေကို မမြင်တွေ့ခဲ့ရဘူုး။ ယခုနအဖ စစ်အစိုးရလက်ထက်မှာ ရခိုင်ပြည်မှာ အိုးမဲ့အိမ်မဲ့နဲ့ သူတောင်းစားတွေ တိုးပွားလာတယ်။ အဆုံးမှာ တော်လှန်ရေး အင်အားစုတွေ လည်း ကမ္ဘာ့အခြေအနေ ပြောင်းလဲလာတာနဲ့အညီ အပြောင်းအလွဲဖြစ်လာရင် ဘာတွေ လုပ်မှာလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်၊ အခုလို လှုပ်ရှားနိုင်မှာမဟုတ်ဘူး ဆိုတာကို သုံးသပ်မိတယ်။

နိရဉ္စရာ။ ။ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေးအခြေအနေနဲ့ ပတ်သတ်ပြီး ရခိုင် နိုင်ငံရေးအင်အားစုတွေ ဘာတွေ လုပ်သင့်ပါသလဲ။

ဗိုလ်မှူး။ ။ ရခိုင်တွေအနေနဲ့ စုစည်းမှုသာ အဓိကဖြစ်တယ်။ “အပတ်များနောင်း၊ အဖော်များ ရဲ ”ဆိုသလို ပြန့်ကြဲနေကြတဲ့ အင်အားစုတွေကို စုစည်းပြီးတော့ အင်အားတခုကို မဖြစ်မနေ တည်ဆောက်ဖို့ ကြိုးစားလုပ်ဆောင်သင့်တယ်။

နိရဉ္စရာ။ ။ ယနေ့ရခိုင်လူငယ်တွေ အပေါ် ဗိုလ်မှူးအနေနဲ့ ဘာများမှာကြားချင်ပါသလဲ။

ဗိုလ်မှူး။ ။အယင်က အမှားတွေကို ကျူးလွန်မိခဲ့ကြလို့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒါတွေကို လူငယ်တွေအနေနဲ့ သင်္ခန်းစာယူပြီး လုပ်ကြပါ။ ဒီလူငယ်တွေ အမျိုးသားရေး အတွက် မှန်မှန်ကန်ကန် မလုပ်နိုင်ရင် ငါတို့လို အဖြစ်မျိုးတွေနဲ့ တွေ့ကြုံရမည်သာမက ပိုပြီး အခြေအနေ ဆိုးသွားနိုင်တယ်။ ဒါကြောင့် လူငယ်တွေ စိတ်ရှည်ကြပါ။ သည်းခံကြပါ။ အစစ အရာရာကို စိတ်ရှည်ရှည်ထားပြီး သုံးသပ်စေချင်ပြီး ကြိုးစားလုပ်ဆောင် သွားကြပါလို့ဘဲ ပြောချင်ပါတယ်။

နိရဉ္စရာ။ ။ဗိုလ်မှူးအနေနဲ့ ရခိုင်ခေါင်းဆောင်တွေအပေါ် အကြံဥာဏ်များ ပေးချင်တာရှိရင် အာရ်ကန်ပို့(စ်)သတင်းစာကနေ တဆင့်ပေးနိုင်ပါတယ်။ ဗိုလ်မှူး ။ ။ ခေါင်းဆောင်တွေကို တဦးနဲ့တဦး တပါတီနဲ့တပါတီ စိတ်ရှည်လက်ရှည် သည်း ခံပြီးတော့ အမျိုးသားရေးအတွက် အလေးထားစဉ်းစားကြပါ၊ တစုတဖွဲ့ တပါတီကို မကြည့်ဘဲ အမျိုးသားရေးတခုလုံးကို ကြည့်ကြဖို့လိုပါတယ်။ အမျိုးသားရေးစိတ်ဓါတ်တွေ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်တွေကို မှန်မှန်ကန်ကန် မွေးမြူပြီး ချီတက်နိုင်ရင် ရှေ့ကိုအလားအလာ ကောင်းနိုင် ပါတယ်။ အချိန်ရပါသေးတယ်။ အချင်းချင်း တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြပါလို့ တိုက်တွန်း အကြံပေးချင်ပါတယ်။

 

****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.