ကိုလှအေးမောင်သည် ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ ၎င်းနောက်ပိုင်း ဂျပန်ရောက် ရခိုင်အမျိုး သားများမှ ဖွဲ့စည်းထားသည့် ရခိုင်လူမှုရေးအသင်း(ဂျပန်)တွင် ပြန်ကြားရေးမှူးအဆင့်မှ အတွင်းရေးမှူးနှင့် ဥက္ကဌတာဝန်များကိုထမ်းဆောင်ခဲ့သည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်) ဒုတိယအကြိမ်စတင်ဖွဲ့စည်းချိန်၌ ကိုလှအေးမောင်မှာ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့
(Association of United Nationalities Japan) တွဲဘက်အတွင်းရေးမှူး (၁) အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်များကို ဆက်လက်ယူထားသည်။ ကိုလှအေးမောင်သည် တော်လှန်ရေးကဗျာဖြစ်သည့် “အရေးတော်ပုံ ကဗျာ”လုံးချင်းစာအုပ်နှစ်အုပ်ကို ဂျပန်နိုင်ငံတွင် ရေးသားထုတ်ဝေထားပြီးဖြစ်သည်။၂၀၀၃ ခုနှစ်တွင်
Overstay နေထိုင်မှုကြောင့် ဂျပန်လူဝင်မှု ကြီးကြပ်ရေး၏ ထိမ်းသိမ်းခြင်းကိုခံခဲ့ရကာ ဂျပန်နိုင်ငံထောင်တွင် ၁၈ လတိတိ အကျဉ်းကျခံခဲ့ရသည်။ ယခုအချိန်ထိ ဂျပန်နိုင်ငံတွင် တရားဝင်နေထိုင်ခွင့်မရရှိသေးဘဲ တရားရုံးတွင်ရင်ဆိုင် နေရဆဲဖြစ်ကြောင်းသိရှိရသည်။ ကိုလှအေးမောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)သည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် တခြားမဟာမိတ်အဖွဲ့ အစည်းများနှင့် လက်တွဲပြီးဂျပန်နိုင်ငံမှနေ၍ အားကြိုးမာန်တက် လုပ်ဆောင်နေသော အဖွဲ့အစည်းတရပ်ဖြစ်သည် သာမက ရခိုင်အမျိုးသားများ၏ သာရေးနာရေးကိစ္စများအားလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက် နေသော အဖွဲ့အစည်းတရပ်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အေးအေးဆေးဆေးနေထိုင်နိုင်သော်လည်း ကိုယ်ကျိုးကိုဘေးဖယ်ပစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေကြသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များအား ဂုဏ်ပြုလိုသဖြင့် ယခုအပတ်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)မှ အထွေထွေအတွင်းရေးမှူး ကိုလှအေးမောင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖေါ်ပြလိုက်ပါသည်။
NN ။ လက်ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဂျပန်) ၌ ဘယ်တာဝန်များယူထားပါသလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)အထွေထွေ အတွင်းရေးမှူးတာဝန်ကို ယူထားပါတယ်။
NN ။ ဘယ်နှစ်ခုနှစ်က စတင်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)ကို ဖွဲ့စည်းခဲ့ပါသလဲ။
ဖြေ။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ကို ဥက္ကဌ ဦးထွန်းဝေနှင့် အတွင်းရေးမှူး ဦးဇော်မင်းခိုင်တို့က ဦးဆောင်ပြီး ၂၀၀၃ ခုနှစ်နိုဝင်ဘာလ (၁၆)ရက်နေ့မှာ ပထမအကြိမ်စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယအကြိမ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
NN ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ပါသလဲ
ဖြေ ။ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(က) မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေးများနှင့် ဒီမိုကရေစီအခွင့်ရေးများကို အတိအလင်းအာမခံပြီး တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူညီမျှသော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန်။
(ခ) ရခိုင်အမျိုးသားတို့၏ လူနေမှုအဆင့်အတန်းတိုးတက်ဖွံ့ဖြိုးရန်။
(ဂ) ရခိုင်အမျိုးသားတို့၏ ဓလေ့ထုံးစဉ်၊ယဉ်ကျေးမှုရေးရာများကို ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးအထိ သိရှိနား လည်နိုင်စေရေး ဖေါ်ထုတ်တင်ပြရန်။
(ဃ) ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ရေးနှင့် လူမှုကောင်းစားရေးများကို ဆောင်ရွက်ရန်။
(င)စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်လျှက်ရှိကြသော တိုင်းရင်းသားလူမျိုးအင်အားစုများ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားကြရန်တို့ ဖြစ်ပါတယ်။
NN ။ နိုင်ငံတိုင်းမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဌာနခွဲတွေရှိနေတယ် ဆိုတော့ဘယ်လိုများ ဆက်စပ်လှုပ်ရှား နေကြပါသလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဗဟို)တော်လှန်ရေးနယ်မြေ (ထိုင်းနယ်စပ်)မှာ ရှိနေစဉ်ကာလမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)အနေနဲ့ ပြည်ပဌာနခွဲအသီးသီးနှင့် ဆက်စပ်လှုပ်ရှားမှုတွေ အသီးသီး ရှိခဲ့ပါတယ်။ ယခုအချိန်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို)က ဆက်စပ်လုပ်ကိုင်တဲ့ အပိုင်းနှင့်ညွန်ကြား တဲ့အပိုင်း အလွန်အားနည်းပြီး ခေါင်းဆောင်မှုလုံးဝ မရှိဖြစ်နေတယ်လို့ ထင်ပါတယ်။
NN ။ဂျပန်နိုင်ငံမှာ ဘ၀တူတိုင်းရင်းသားလူမျိုးတွေရဲ့ အဖွဲ့စည်းတွေ တော်တော်များများရှိနေတာကို တွေ့ရပါတယ်၊သူတို့နဲ့ကော လက်တွဲပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိပါသလား။ ရှိရင်နည်းနည်း ပြောပြ ပေးပါ။
ဖြေ ။ဂျပန်နိုင်ငံတွင် ဘ၀တူတိုင်းရင်းသားလူမျိုးတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား များအဖွဲ့
Association of United Nationalities in Japan (AUN-Japan) ဆိုတာရှိပါတယ်။ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုး(၈)မျိုးနဲ့ အဲဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ပါဝင်တဲ့လူမျိုး တွေကတော့ ကချင်၊ ကရင်၊ ချင်း၊ နာဂ၊ ပလောင်၊ မွန်၊ ရခို်င်နှင့် ရှမ်းတို့ ဖြစ်ကြပါတယ်။ ခုလက်ရှိမှာတော့ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ကိုထမ်းဆောင် နေပါတယ်။ ညီညွတ် သောတိုင်းရင်းသားများအဖွဲ့မှာ စုစုပေါင်း (၂၂၀) ခန့်ရှိပါတယ်။
NN။ လက်ရှိကြားနေရတဲ့ သတင်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) အတွင်းမှာ ပဋိပက္ခတွေ၊ ကွဲအက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းထွက်နေပါတယ်။ ညီလာခံခေါ်ဖို့သတင်းတွေလည်း ကြားနေရပါတယ် အဲဒါဟုတ်ပါသလား။
ဖြေ ။ လက်ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)အတွင်းမှာ ပဋိပက္ခတွေ ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ခေါင်းဆောင်ပိုင်း
Direction လွဲမှားခဲ့ရင် နောက်လူတွေလည်း လွဲမှာပါပဲ။ ရှင်းရှင်ပြောမယ်ဗျာ
Pinion နဲ့
Washer နေရာမှန်ဖို့တော့လိုပါလိမ့်မယ်။ ညီလာခံခေါ်ဖို့ ၂၀၀၅ ကတည်းက ကျွန်တော်ကြားပါတယ်။ ဆရာကြီးတချို့ကို တိုက်တွန်းဖူးပါတယ်။ညီလာခံခေါ်ဖြစ်ခဲ့ရင်
(ALD Japan) မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ထည့်ဝင်မယ်လို့ အစည်းဝေး ဆုံးဖြတ်ချက်ချထားပါတယ်။ ညီလာခံကတော့ (----------) “သို့သော်လည်းဘယ်နေ့မှမသိ”ဖြစ်နေပါတယ်။
NN။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)ရဲ့ အနာဂါတ်မျှော်မှန်းချက်များ(တနည်းပြောရရင် ရှေ့လုပ်ငန်းစဉ်များ) သိပါရစေ။
ဖြေ ။ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ဂျပန်)အနေနဲ့နောင်အနာဂါတ်မှာ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ ကြေငြာစာတမ်းအတိုင်း
ဒီမိုကရေစီနှင့်တိုင်းရင်းသားလူမျိုးများအားလုံး နီုင်ငံရေးအရတန်းတူရေး၊ စစ်မှန်သော
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရှိရေးတို့ကို
မျှော်မှန်းချက်ထားပြီး ဆောင်ရွက်လုပ်ကိုင်နေပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့
ရခိုင်နိုင်ငံရေးခေါင်းဆောင်များနဲ့ ရခိုင် ခလေးသူငယ်များကို
လူမှုရေးလုပ်ငန်းတွေပေါ့နော်၊ အထူသဖြင့်
Social Welfare
လုပ်ငန်းတွေကို မိမိတို့ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။
NN။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာ မဲနိုင်ထားတဲ့ ပါတီဆိုတော့ လူထုအားအထားရဆုံးပါတီတခုအဖြစ် သတ်မှတ်လို့ရပါတယ်။ ရခိုင်လူထုတွေ အားကိုးအားထားနဲ့ မျှော်လင့်ချက်ထားမှုအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)တာဝန်ရှိသူတဦးအနေနဲ့ ဘယ်လိုဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)အနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို)ရဲ့ အစိတ်အပိုင်း တခုသာဖြစ်တဲ့အတွက် ရခိုင်လူထုရဲ့အားကိုးအားထားမှုအပေါ် (ပြည်ပ-ဗဟိုက) ချမှတ်ထားတဲ့ လမ်းစဉ်နဲ့အညီ အတတ်နိုင်ဆုံးဆောင်ရွက်သွားဖို့ဆုံးဖြတ်ထားပြီး အတိုင်းတာတခုထိ ဖြည့်ဆည်းဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ရည်ရွယ်မျှော်လင့်ထားပါတယ်။
NN။ ရခိုင်ပြည်သူတွေကို နောက်ဆုံးဘာများပြောချင်ပါသလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ရဲ့နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်ဟာ ပါတီဝင်တဦးချင်းစီရဲ့ နိုင်ငံရေး သဘောတရားခိုင်မာမှုနဲ့ မည်သည့်အခြေနေရောက်ရောက် ကြံ့ကြံ့ခံတိုက်ပွဲ ၀င်နှိုင်မှုတို့ကို ပေါင်းစပ်တည် ဆောက်ထားတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တဲ့အတွက် ရခိုင်ပြည်သူများအထူးလိုလား မျှော်လင့်တောင်းတနေတဲ့ နိုင်ငံရေးအရတန်းတူရေး၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုဖေါ်ထုတ်ရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတို့အတွက် အောင်မြင်အောင်ထိ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက် နိုင်လိမ္မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။
****