ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အ၀ကျွှန်းမှ ရခိုင်လူကြီးတဦးနှင့်တွေ့ဆုံမေးမြန်းခန်း

ယခုလထုတ် ဂျာနယ်၌ ကျွန်တော်တို့အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အ၀ကျွန်းမှ ရခိုင်ခေါင်းဆောင် လူကြီး တဦးဖြစ်သူ ဦးမောင်ဟန်သာ အသက် ၆၃နှစ်နှင့် တွေ့ဆုံးမေးမြန်းခန်းကို ထည့်သွင်းဖေါ်ပြ လိုက်ပါသည်။ ဦးမောင်ဟန်သာမှာ အ၀ကျွန်းရှိ ဘာရဂူနာခရိုင် တာတလီကျေးရွာတွင် နေထိုင်နေသာ ရခိုင်လူကြီးတဦးဖြစ်ပါသည်။ ရပ်ရေးရွာရေးကအစ အမျိုးဘာသာသာသနာ ညိုးနွမ်းပျောက်ကွယ် မသွားရအောင် ကာကွယ်စောင့် ရှောက်နေသူ ဒေသဆိုင်ရာ ရခိုင်ခေါင်းဆောင်တဦးလည်းဖြစ်ပါသည်။ ဦးမောင်ဟန်သာတို့နေထိုင်ရာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်းက အ၀ကျွန်းကို စာဖတ်ပရိသတ်များ အနေဖြင့် ကြားဖူးကောင်း ကြားဖူးကြမည်ဖြစ်သော်လည်း အ၀ကျွန်းနှင့်ပတ်သက်ပြီး အတိတ်နှင့် လက်ရှိပစ္စုပ္ပန်အခြေအနေများကိုကား သိရှိကြမည်မထင်ပါ။ သို့အတွက်ကြောင့် ယခုလတွင် စာဖတ် သူများအား ရခိုင်သမိုင်းကြောင်းနှင့် ဆက်နွယ်ပတ်သက်နေသော အ၀ကျွန်းရှိ ရခိုင်အမျိုးသား တို့၏ လူနေမှုဘ၀အကြောင်းကို တစွန်းတစသိရှိနားလည် သဘောပေါက်ကြစေရန် ရည်ရွယ်ပြီး အ၀ကျွန်း တွင်နေထိုင်သူ ရခိုင်လူကြီးတဦးနှင့် တွေ့ဆုံးမေးမြန်းခန်းကို ထည့်သွင်း ဖေါ်ပြလိုက်ရ ခြင်းဖြစ်ပါသည်။ ဦးမောင်ဟန်သာ၏ဓါတ်ပုံအား ထည့်သွင်းဖေါ်ပြရန် မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းတခုကြာင့် တည့်သွင်းရန် ငြင်းပယ်ခဲ့သဖြင့် ယခုလ ဦးမောင်ဟန်သာ၏ အင်တာဗျူးကို ဓါတ်ပုံမပါဘဲ ထည့်သွင်း ဖေါ်ပြလိုက်ပါသည်။

မေး ။ အ၀ကျွန်းမှာ လက်ရှိရှိနေတဲ့လူဦးရေနဲ့ ယခင်ရှိခဲ့တဲ့လူဦးရေနှိုင်းယှဉ်ပြီး ပထမဆုံးအနေနဲ့ ပြောပြပေးစေလို ပါတယ်။

ဖြေ ။ အ၀ကျွန်းမှာ ခုနှစ်သက္ကရာဇ်အရ ပြောရမယ်ဆိုရင် ၁၇၈၄ ခုမှ ၁၉၀၀ ပြည့်နှစ်အတွင်းမှာ ရခိုင်ရွာပေါင်း ၂၃၇ ရွာရှိခဲ့ပါတယ်။ ၁၉၀၀ ပြည့်နစ်နဲ့ ၁၉၄၈ခုနှစ်အတွင်းမှာ ရွာပေါင်း၁၆၈ရွာအထိ လျော့ကျသွားပြီးတော့ အိမ်ခြေစုစုပေါင်း ၅၁၉၀ဆောင်နဲ့ လူဦးရေ ၃၅၀၀၀ ခန့်ရှိခဲ့ပါတယ်။ ယခုလက်ရှိ အခြေနေမှာတော့ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း ၄၆ ရွာ၊ အိမ်ခြေ ၆၅၀ နဲ့ လူဦးရေ ၄၅၀၀ ခန့်သာ ကျန်ရှိပါတော့တယ်။

မေး ။ အ၀ကျွန်းမှာရှိနေ့တဲ့ ရခိုင်လူမျိုးတွေအနေနဲ့ ယခုလက်ရှိအခြေအနေမှာ စားဝတ်နေရေးကို ဘယ်လိုရုန်းကန် လူပ်ရှားနေကြတယ်ဆိုတာ အနည်းအကျဉ်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ အ၀ကျွန်းဒေသဟာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသတွေဖြစ်တဲ့ ပေါ်တူဝါခါလီနှင့် ဘော်ရဂူနာခရိုင်မှာတည်ရှိပါတယ်။ မြို့နယ်အားဖြင့်ဆိုရင်တော့ ခေးပူပါရာ၊ ဂေါလာစိပ၊ အင်တလီနှင့် ဘော်ရဂူနာဆိုတဲ့ မြို့နယ်လေးခုအတွင်းမှာ တည်ရှိပါတယ်။ ရခိုင်ပြည်က စတင်ထွက်ပြေးလာတဲ့အခါမှာ တောဂနိုင်ကြီးတွေကို ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းပြီးလယ်မြေ မြောက်များစွာကို ဖေါ်ထုတ်ခဲ့ရပါတယ်။ မိးကျောင်း၊ကျားစတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ရတယ်လို့ သိရှိရပါတယ်။ နောက်ပိုင်းမှာတော့ လယ်မြေတွေအကြီးအကျယ် ဖေါ်ထုတ်နိုင်ခဲပြီးတော့ မြေယာများစွာကိုပိုင်းဆိုင်ပြီး ဆန်ရေစပါးမြောက်မျာစွာကို ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ စီးပွားရေးတိုးတက်ပြီး စားဝတ်နေရေး အခက်အခဲမရှိ သာယာဝပြောခဲ့ပါတယ်။ သို့သော် လည်း ခေတ်ပညာကိုသင်ယူခဲ့ကြခြင်း မရှိခဲ့တဲ့အတွက် အစိုးရအရာရှိများနှင့် လူများစုတို့ရဲ့ လိမ်လည် အနိုင်ကျင့်မှု တွေကိုခံခဲ့ရပြီး နောက်ပိုင်းမှာလယ်မြေမြောက်များစွာ လက်လွတ်ဆုံးရှုံးသွားခဲ့ရပါတယ်။ အများစုရခိုင်အမျိုးသား တွေဟာ လယ်မြေပိုင်ဆိုင်မှုအငြင်းပွား ပြဿနာမျာဖြစ်ပြီး တရားရင်ဆိုင် နေရတဲ့အတွက် မွဲပြာကျအောင်ထိ ဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း ယနေ့အ၀ကျွန်းအခြေအနေဟာ ယခင်က ရခိုင်လူ့အဖွဲ့အစည်းတည်ရှိခဲ့တဲ့ အ၀ကျွန်းနဲ့တော့ မတူတော့ပါဘူး။ အများစုရခိုင်လူမျိုးတွေ့ရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ လယ်ယာလုပ်ငန်းအပေါ် အဓိကအခြေခံထားပေမယ့်လည်း ခေတ်၏ ပြောင်းလွဲမှုနဲ့အညီ ပညာရေးကိုအဓိကဦးစားပေး သင်ကြားလာတဲ့အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလုပ်ငန်းတွေမှာ အရာရှိအရာခံများဖြစ်လာကြပြီးတော့ အများနဲ့အတူ ရင်ပေါင်တန်းလာ နိုင်ပြီး တခြားလူတွေရဲ့ဖိနှိပ်မှုကနေ ရုန်းထွက်ပြီး လှုပ်ရှားရပ်တည်လာနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

မေး ။ အနာဂတ်မှာ အ၀ကျွန်းရှိ ရခိုင်လူမှုအဖွဲ့အစည်းအနေနဲ့ ဘယ်လိုပြောင်းလဲ တိုးတက်မှုများ ရှိနိုင်ပါသလဲ။

ဖြေ ။ ခုနက ပြောခဲ့သလိုပါဘဲ အ၀ကျွန်းရှိရခိုင်အဖွဲ့အစည်းဟာ အတိတ်ကဖြတ်သန်းခဲ့တဲ့ သမိုင်း တလျောက်မှာ လယ်ယာမြေလုပ်ငန်းတွေကို အဓိကအခြေခံပြီး အသက်မွေး ၀မ်းကျောင်းပြုနေရာ အနေအထားကနေပြီးတော့ ၂၀ ရာစုနှောင်းပိုင်းမှစပြီး ဘ၀ရပ်တည်ရေးအတွက် အတတ်ပညာကိုသာ အဓိကကိုယ်ပိုင်ဥစ္စာအဖြစ် အားကိုးအားထားပြုလာကြတဲ့အတွက် လယ်သမားလူတန်းစားမှ ပညာ တတ်လူတန်းစားဘက်ဆီသို့ ပြောင်းလဲလာခဲ့ပြီး ဖြစ်ပါတယ်။ ခုလိုပုံစံနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့ အ၀ကျွန်းရှိ ရခိုင်အမျိုးသားတွေအနေနဲ့ လယ်ယာမြေအပေါ် အမှီပြုတဲ့လူတန်းစားမှ အတတ်ပညာကို အခြေခံသောလူအဖွဲ့အစည်းဆီကို ဧကန်မုချရောက်ရှိလာလိမ့်မယ်လို့ မျော်လင့်ထားပါတယ်။

မေး ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အ၀ကျွန်းဒေသကို ရခိုင်လူမျိုးတွေ ဘယ်အချိန်ကစပြီး ရောက်ရှိလာခဲ့တယ်၊ ပြီးတော့သူတို့ရဲ့ ဇာတိနေရပ်ရင်း ဘယ်ကလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ ။ ၁၇၈၄ ခုနှစ်မှာ မျိုးဖျက်ငသံဒွေ၏ သစ္စာဖေါက်မှုကြောင့် သမ္မတရာဇာ နန်းကျလို့ ရခိုင်ပြည်နှင့် ရခိုင်ထီးနန်းကို ဗမာမင်း ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းသိမ်းပိုက်ပြီး ရခိုင်ပြည်ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရပါတယ်။ ဗမာဘုရင်ဆီမှာ အရှုံးးမခံအနိုင်မပေးလိုတဲ့ ရခိုင်အားမာန်အပြည့်နဲ့ တပ်မင်းကြီး ပျို့အောင်၊ ဦးခေါင်းကြီး၊ အကျော်သော်ဒရီဆိုတဲ့ ရခိုင်ခေါင်းဆောင်သုံးဦး ဦးစီးဦးဆောင်ပြုပြီးတော့ မိသားစု ၁၅၀ အုပ်စုတစုက ပထမအကြိမ်၊ နဗက်တွေကိုရက်လုပ်ထားတဲ့ လှေကြီးအစင်း ၅၀နှင့် ဘင်္ဂလားပင်လယ်ပြင်ကိုရွက်ဖွင့်ပြီး ခရစ်သက္ကရာဇ် ၁၇၈၄ခုနှစ်မှာ မွေးရာချက်မြုပ်မြေ အဖရခိုင်ပြည်ကို စွန့်ခွါပြီး ရမ်ဗြဲ့ကျွန်းလောင်းစရိတ်နဲ့ မိုးသီးနတ်တောင်ခြေရင်းမှ ထွက်ခွါလာကြပြီး ဦးစွာ ပဌဂူဂန္ဒရန် ကျွန်းမှာ ဆိုက်ကပ်မှီခိုပြီးတော့ နောက်တနှစ်အကြာမှာ အုပ်စုတွေခွဲပြီး ယခုလက်ရှိနေထိုင်နေတဲ့ ရင်ဂါဖလီ၊ မော်ဒုတ်ပီ၊ ကန်ဆိပ်၊ တိယာခါလီ၊ ဧလာနှင့် ဆန်တလီဆိုတဲ့ နေရာတွေကို အခြေချပြီး နေထိုင်ခဲ့ကြပါတယ်။ အခုဆိုရင်နှစ်ပေါင်း ၂၂၃ နှစ်တိုင်ကြာလာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ထွက်ခွါလာတဲ့ အထဲမှာ မင်းခစားအရာခံတွေနဲ့ မင်းဆွေမင်းမျိုးတွေပါဝင်ပါတယ်။ အုပ်စုတွေကတောမရိုး၊ မာန်အောင် နှင့်ရမ်းဗြဲ့သားအုပ်တွေဖြစ်တယ်လို့ သိရှိရပါတယ်။ နောက်ပိုင်းမှာ ရခိုင်ပြည်ကို စွန့်ခွါပြီး ထွက်ပြေးလာ ကြတဲ့ သူတွေကိုတော့ ထိုအချိန်က အန္ဒိယတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က ရခိုင်စစ်ပြေးမိသားစုတွေအဖြစ် အသိအမှတ်ပြုပြီး အ၀ကျွန်းဒေသမှာ အနှံ့အပြားနေရာချပေးပြီး အိုးအိမ်သစ်တွေ ထူထောင်ပေးခဲ့ပါတယ်။

မေး ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ရခိုင်လူမူအဖွဲ့အစည်းအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာရှိနေတဲ့ ရခိုင်လူ့အဖွဲ့အစည်းတွေမှာ လှေနံနှစ်ဘက်မှာ ခြေတင်ထားရတဲ့ လူတဦးလို အနေအထားပုံသဏ္ဍာန်မျိုး ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်ကလှေ အခြေအနေမကောင်းလျှင် ထိုဘက်လှေကို ကူးပြောင်းနိုင်ဖို့ အဆင်သင့်နေရာယူထား သလိုမျိုးဖြစ် ပါတယ်။ ဒီလိုအတည်တကျ နေထိုင်နိုင်ဖို့ စိတ်ကိုယတိပြတ်ဆုံးဖြတ်ချက်မချနိုင်ခဲ့တဲ့အတွက် ဗမာပြည် ကိုဘဲပြောင်းရမလို ဒီနိုင်ငံမှဘဲဆက်နေရမလိုနဲ့ ဆုံးဖြတ်ချက်တွေအတည်တကျ မရှိသည့်အတွက် ရခိုင်တို့ရဲ့ချက်မြုပ်နေရာတွေ သမိုင်းပိုင်နေရာတွေကို တခြားသူတို့စိုးပိုင်ခွင့်ရယူသွားကြပြီးဖြစ် ပါတယ်။ အခိုက်ကြုံလို့ ခိုလုံတဲ့သဘောမျိုးနှင့် ဘင်္ဂလာဒေ့ခ်ျမှာ ရပ်တည်နေထိုင်မယ်ဆိုရင် တဆင့်နိမ့် အခွင့်အရေးရရှိတဲ့ လူတန်းစားအဖြစ်နဲ့သာ ရပ်တည်နေထိုင်သွားကြ ရမယ်ဖြစ်တယ်ဆိုတာ အားလုံး သတိပြုသင့်ပါတယ်။

မေး ။ လက်ရှိ ရခိုင်တော်လှန်ရေး အင်အားစုများအပေါ်မှာ ရခိုင်အမျိုးသားတယောက်အနေနဲ့ ဘယ်လို သဘောထား အမြင်တွေရှိတယ်ဆိုတာ နည်းနည်းပြောပြပေးပါ။

ဖြေ ။ တော်လှန်ရေးအင်အားစုဆိုတာက လက်နက်ကိုင်တော်လှန်ရေးနှင့် လက်နက်မကိုင်သော တော်လှန်ရေးစတဲ့ အသွင်သဏ္ဍာန်နှစ်ရပ်ကို အခြေခံအဖြစ်အသုံးပြုပြီး တိုက်ပွဲဝင်နေတာကို တော်လှန်ရေးအဖွဲ့အစည်း အင်အားစုတွေလို့ဆိုလိုခြင်းဖြစ်တယ်လို့ ထင်မှတ်ရပါတယ်။ ရခိုင်ပြည် အတွင်းမှာ ရခိုင်ပြည်တော်လှန်ရေးကို အထက်ဖေါ်ပြခဲ့တဲ့ သဏ္ဍာန်နှစ်ရပ်သော အင်အားစုတွေက နည်းအမျိုးမျိုး၊ လုပ်ဟန်များစွာဖြင့် နိုင်ငံရေးတော်လှန်ရေးကို လုပ်ကိုင်ဆောင်ရွက်လာခဲ့တာ ခေတ်အ ဆက်ဆက်ရှိခဲ့ပါပြီး။ ဒါပေမယ့်လည်း ခေတ်တွေသာတခေတ်ပြီးတခေတ် ကုန်သွားတယ်၊ ခေါင်းဆောင် တွေနှင့် အင်အားစုအဖွဲ့အစည်းတွေသာ ၀မ်းနည်းကြည်ကွဲစရာ ကျဆုံးပျက်စီးသွားခဲ့တာတွေကိုဘဲ မြင်တွေ့နေခဲ့ရပါတယ်၊ အောင်မြင်မှုဆိုတာ အသေအချာလုပ်ကိုင်နိုင်ရင် ရရှိနိုင်ပါတယ်။ ဘင်္ဂလာ ဒေ့ခ်ျနိုင်ငံဟာ ပါကိစ္စတန်လက်အောက်က ဘယ်လိုလုပ်ပြီး လွတ်လပ်ရေးရရှိခဲ့တယ်ဆိုတာ အထူး သင်ခန်းစာယူသင့်ပါတယ်။ ဘင်္ဂါလီလူမျိုးတွေဟာ သမိုင်းတလျောက်လုံးမှာ လူမျိုးခြား၊ ဘာသာခြား လွမ်းမိုးအုပ်ချုပ်မူကိုခံခဲ့ရပြီး သူတပါးလက်အောက်ခံ လူမျိုးတမျိုးအဖြစ် ချုပ်ချယ်ညုင်းပမ်းနှိပ်စက်မှုကို ခံခဲ့ကြရပါတယ်။ ၁၉၅၂ခုနှစ်မှာ မိခင်ဘာသာစကားကို နိုင်ငံတော် ဘာသာရပ်စကား ဖြစ်မြောက်ရေး အတွက် စတင်ရင်းကနေ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို အခြေခံတဲ့တော်လှန်ရေးကို ဆင်နွဲ ခဲ့ကြပါတယ်။ ဘင်္ဂါလီလူမျိုးတွေဟာ ၁၉၇၀ခုနှစ်မှာ အမျိုးသားလွတ်မြောက်ရေး တော်လှန်းရေးကြီးကို တမျိုးသားလုံးပူပေါင်းပါဝင်ပြီး တော်လှန်နိုင်ခဲ့တဲ့အတွက် စတင်ဆင်နွဲပြီး ၉ လအကြာ ၁၉၇၁ ခုနှစ်မှာ အင်အားကြီးမားတဲ့ ပါကိစ္စတန်တပ်မတော်ကြီးကိုအနိုင်ယူပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့ပါတယ်။ လွတ်လပ်တဲ့ဘင်္ဂလာဒေ့ချေ်နိုင်ငံအဖြစ်နဲ့ ကမ္ဘာအလယ်မှာ အလံတလူလူနဲ့ ယခုအခါဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ဗမာပဒေသရာဇ်တွေ အုပ်ချုပ်စိုးမိုးတဲ့အချိန်ကစပြီး ယနေ့ အချိန်ထိ တော်လှန်တိုက်ပွဲဝင်နေတဲ့ ရခိုင်မျိုးသားတွေရဲ့ တော်လှန်တိုက်ပွဲဝင်နေမှုကတော့ အောင်မြင်မှုမရရှိတဲ့အပြင် ပျက်ကိန်းမိုးမှောင်ကျနေတာကိုဘဲ တွေ့နေရပါတယ်၊ အကြောင်းကတော့ ရခိုင်အမျိုးသားတွေ အမျိုးနဲ့သီလနှစ်ဌာနကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ စောင့်ထိန်းနိုင်မှု အားနည်းလို့ဘဲ ပြောရမှာဖြစ်ပါတယ်၊ အမျိုးသီလနှစ်ဌာနကို ချစ်မြတ်နိုးမှ ရခိုင်နာမ၀ိသေသကို ခံယူနိုင်ကြရမှာဖြစ်ပြီး ရခိုင်မည်မှာဖြစ်ပါတယ်။ ရခိုင်ကိုရခိုင်လို့မသိရင် ကိုယ့်အမျိုးသားတွေရဲ့ စောင့်စည်းအပ်တဲ့ အမျိုးချစ် စိတ်၊ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံလိုတဲ့စိတ်ဓါတ်တွေ ရရှိနိုင်မှာမဟုတ်ပါဘူး။ အမျိုးသား တရားကို ခိုင်မာစွာမစောင့်စည်း မထိန်းသိမ်းနိုင်ရင် ဘာဘဲလုပ်လုပ် အောင်မြင်နိုင်ဖို့အကြောင်းမရှိပါ။

မေး ။ လက်ရှိ ရခိုင်တော်လှန်ရေးအပေါ်မှာ ဘယ်လိုအကြံပြုချက်များ ပေးချင်ပါသလဲ၊

ဖြေ ။ အင်အားချင်းမမျှတဲ့ ဗမာစစ်အုပ်စုနဲ့ဘက်ပြိုင်ပြီး တော်လှန်ရေးကို ဆင်နွဲနေရတဲ့အတွက် အရေးကြီးဆုံးက ညီညွတ်ရေးရရှိဖို့ပါဘဲ၊ ညီညွတ်ခြင်းမရှိဘဲ အုပ်စုလိုက် ၀ိဝါဒဆင်နေကြခြင်းအားဖြင့် တော်လှန်ရေးအပေါ် ထောက်ခံအားပေးနေတဲ့ အမာခံကြောရိုးဖြစ်တဲ့ ရခိုင်ပြည်သူတို့ရဲ့အုံကြွထောက် ခံမှုကိုမရရှိနိုင်ပါ။ ရခိုင်ပြည်သူ လူထုတရပ်လုံးရဲ့ ထောက်ခံမှုကိုမရရှိဘဲနဲ့ တော်လှန်ရေးတရပ် အောင်ပွဲခံဖို့ဆိုတာ မဖြစ်နိုင်ပါ၊ ဒါ့အပြင် တော်လှန်ရေးပုံမှန်အနေအထားတခုကို ရောက်ရှိနိုင်ရန် မှာလည်းမလွယ်ကူနိုင်ပါ။ ပြည်သူ၏ထောက်ခံမှုနှင့် ပြည်သူတွေရဲ့ပံ့ပိုးမှုကို မရရှိရင် စားဝတ်နေရေး နဲ့ဘဲ ရုန်းကန်လှုပ်ရှားပြီး အချိန်ကုန်နေကြမှာဖြစ်ပါတယ်။ သို့အတွက် တော်လှန်ရေးလုပ်ကိုင်နေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ရခိုင်တမျိုးသားလုံး အားပေးထောက်ခံနိုင်တဲ့ အခြေခံပြည့်ဝတဲ့ နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ချုပ်တခု ပေါ်ပေါက်ဖို့လိုပါတယ်၊ အေးဒီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနှင့်ကြီးကြပ် မှုအောက်မှာ လူထုလူတန်းစားပေါင်းစုံ ဘက်ပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းဖို့ လိုအပ်ပါတယ်။ ဘင်္ဂလာဒေ့ခ်ျတော်လှန်ရေး ဘယ်လိုအောင်ပွဲခံခဲ့တယ်ဆိုတာကို စံနမူနာယူသင့် ပါတယ်။

မေး ။ ယခုလက်ရှိ ရခိုင်ပြည်အမျိုးသားကောင်စီအပေါ် ဘယ်လိုအမြင်များရှိပါသလဲ။

ဖြေ ။ ရခိုင်ပြည်အမျိုးသားကောင်စီဟာ အစမကောင်းလို့ အနှောင်းမသေချာဖြစ်နေပါတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့အမျိုးသားညီလာခံတရပ်ကို အမြန်ဆုံးကျင်းပပြီး အနာဂတ်လုပ်ငန်းတွေအတွက် အတိအကျ အဆုံးအဖြတ်ပေးနိုင်ရန် လိုအပ်ပါတယ်၊ ဒါမှမဟုတ်ရင် ရခိုင်ပြည်တော်လှန်ရေး နယ်ပယ် မှာ ကျက်စားလာခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေနည်းတူ အမြစ်ပြတ်အညွန့်တုန်းဘ၀သို့ ဆိုက်ရောက်ကောင်း ဆိုက်ရောက်သွားနိုင်ပါတယ်။

မေး ။ ရခိုင်ပြည်သူတွေကို အကြံပြုပြောလိုတာတွေရှိရင် နည်းနည်းပြောပေးပါ။

ဖြေ ။ ရခိုင်ပြည်းသူတွေဟာ ရှေ့ကရခိုင်သားတွေကဲ့သို့ ရှိရန်လိုပါတယ်၊ တသွေးတသံတမိန့် ဖြစ်ဖို့လိုပါတယ်၊ ရခိုင်ဆိုတာနဲ့အညီ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းနိုင်ဖို့လိုအပ်ပါတယ်၊ ဒါမှလည်း ရခိုင်တို့ရဲ့သမိုင်းစဉ်ဆက် တည်ဆောက်နေနိုင်လာခဲ့တဲ့ လွတ်လပ်သောလူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင် ကိုယ့်ဘာသာစကား၊ စာပေတွေကိုမေ့လျော့ပြီး လူမျိုးခြားကို အထင်ကြီးနေရင်တော့ ရှေ့ဆက်မှာ ရခိုင်ဆိုတာ ပျူလူမျိုးလို ကမ္ဘာမြေပေါ်ကပျောက် ကွယ်သွားနိုင်ပါတယ်၊ အထူးသတိတရားလက်ကိုင်ထားပြီး ရခိုင်တမျိုးသားလုံး စဉ်းစားလုပ်ကိုင်ဖို့လိုပါ တယ်၊ တဘက်မှာလည်း ရခိုင်လူမျိုးတွေ သတိပြုရမှာက ရခိုင်တမျိုးသားလုံးကို ခြိမ်းခြောက်နေတဲ့ အရက်သေစာ အလွန်အကျွန်သောက်စားယစ်မူးနေမှုတွေကို စွန့်ပယ်ပြီး အမျိုးဘာသာသာသနာကို စောင့်ထိန်းဖို့လိုပါတယ်။ မဟုတ်ရင် မျိုးပျောက်စရာအကြောင်းသာ ရှိပါတယ်။ သို့အတွက် မျိုးစောင့် တရားကို စောင့်ထိန်းကြပါလို့ ရခိုင်သူရခိုင်သားတွေကို မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။

****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.