ယခုတပတ်တွင် ကျွန်တော်တို့အနေဖြင့် ရွှေဂတ်(စ်)လှုပ်ရှားမှူးအဖွဲ့မှ နိုင်ငံတကာညှိနိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ကိုဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖေါ်ပြလိုက်ပါသည်။ ယခုလက်ရှိ ရခိုင်ပြည်နယ်မှ ဂတ်(စ်) အား နအဖစစ်အုပ်စုမှ တရုတ်၊အိန္ဒိယစသည့် အိမ်နီးချင်းနိုင်ငံများသို့ ရခိုင်ပြည်သူလူထု၏ သဘောထား တစုံတရာမပါဘဲ ရောင်းစားနေသည်ကို ကိုဝင်းအောင်တို့ပါဝင် ဆောင်ရွက်နေသော ရွှေဂတ်(စ်)လှုပ်ရှားမှုအဖွဲ့မှ ရခိုင်ပြည်သူလူထုအပါအ၀င် မြန်မာလူထုကြီးတရပ်လုံးအတွက် အကျိုးမရှိဘဲ အဆိုးသာရှိနိုင်သဖြင့် နိုင်ငံတကာ တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမိသားစုများနှင့်ပူးပေါင်းပြီး အဆိုပါစီမံကိန်း ရပ်တန့်ရေး အတွက် ကြိုးပမ်းအားထုတ်လျှက်ရှိနေပါသည်။ စာဖတ်သူများအနေဖြင့်လည်း သူတို့၏လုပ်ကိုင်ဆောင်ရွက် နေမှုနှင့် သူတို့၏ရည်ရွယ်ချက်များကို သိရှိခြင်းဖြင့် တစုံတရာအကျိုးရှိနိုင်လိမ္မည့်ဟု မျှော်လင့်မိပါသဖြင့် ကိုဝင်းအောင်နှင့်တွေ့ဆုံးမေးမြန်းခန်းကို ယခုလထုတ်ဂျာနယ်၌ ထည့်သွင်းဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ကိုဝင်းအောင်မှာ အသက်၂၈ နှစ်သာရှိသေးပြီး ပညာရေး၌
B-Sc Hons Degree (Computing & Information Systems) London Metropotitan University( Final Yeae) B.E( Electrical Power) 4 th Year,M.CP (India&Thailand) စသည့် ဘာသာရပ်များကို ဆည်းပူသင်ကြားအောင်မြင်ခဲ့ပါသည်။ ကိုဝင်းအောင်မှာ ၁၉၉၃ခု နှစ် န၀မတန်းတွင် ပညာသင်ကြားနေစဉ် (ပြည်ပ)တော်လှန်ရေးသမားများနှင့် ဆက်သွယ်သည့် ကိစ္စကြောင့် န၀တစစ်အာဏာပိုင်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ပထမဆုံးအကြိမ် ခံခဲ့ရသည်။ ၁၉၉၆ခုနှစ် မတ်လတွင် ဒေသခံ အစိုးရမဟုတ်သည့် အဖွဲ့အစည်း
(NGOs) များနှင့် ဆက်သွယ်ကာ မြေအောက်လှုပ်ရှားမှု ဆောက်ရွက်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးထိမ်းသိမ်းခြင်းကို ဒုတိယအကြိမ် ခံခဲ့ရသည်။ ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ကျောင်းသားအရေးအခင်းတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတဦးလည်း ဖြစ်ပါသည်။
၎င်းနောက်ပိုင်း (ပြည်ပ)ရောက် တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ကာ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိခဲ့သည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များကွန်ကရက်တွင်လည်း ဥက္ကဌအဖြစ် အချိန် အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တဦးလည်းဖြစ်ပါသည်။ အခုရွှေဂတ်(စ်) လှုပ်ရှားမှုရဲ့ နိုင်ငံတကာညှိနိုင်း ဆောင်ရွက်ရေးမှူး တာဝန်ယူဆောင်ရွက်နေသူ တဦးလည်းဖြစ်ပါသည်။
NN ။ လက်ရှိ ရွှေဂတ်(စ်)လှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားနေသူတဦးဆိုတော့ ဘာကြောင့်ဒီလှုပ်ရှားမှုကို ဆောင်ရွက်လုပ်ကိုင်နေတယ်ဆိုတာ စတင်ပြီး နည်းနည်းကလေး ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန်ဒေသမှာ လက်ရှိတူးဖေါ်နေသောရွှေဂတ်(စ်) သဘာဝဓါတ်ငွေ့ စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့အများဆုံးသော နိုင်ငံခြားဝင်ငွေရရှိမယ့် စီမံကိန်းတခုဖြစ်ပါတယ်။ နအဖစစ်အစိုးရ အနေနဲ့လည်း ဒီဝင်ငွေတွေကို သူတို့ရဲ့အာဏာသက်ဆိုးရှည်ဖို့အတွက်ရော၊ ဒီမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ်တွင် ညှင်းပမ်းနှိပ်စက်မှုတွေကို ဆက်ပြီးပြုလုပ်နေရာမှာရော အသုံးပြုမှာ ဖြစ်တဲ့အတွက် ဒေသခံပြည်သူ လူထုအနေနှင့် ဘာမှအကျိုး ခံစာနှိုင်ကြမှာမဟုတ်ပါဘူး ၊၎င်းအပြင်ဒေသခံ ပြည်သူတွေအနေနဲ့ ကိုယ့်ဒေသကထွက်တဲ့ ဒီအဖိုးတန် သယံဇာတပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ နေရာ မှာ ပါဝင်ပတ်သတ်ခွင့်မရတဲ့အပြင် စီမံကိန်းကရရှိတဲ့ အကျိုးအမြတ်တွေကလည်း လက်ရှိပြည်သူလူထုတွေ လက်တွေ့ခံစားနှိုင်ကြမှာ မဟုတ်ပါဘူး။ လက်ရှိကြုံတွေ့ နေရတဲ့ လူမှုစီးပွား အကျပ်တည်းတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ နအဖစစ်အစိုးရအနေနဲ့ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ရရှိလာတဲ့ ငွေအမြောက်အများကို စစ်လက်နက်ဝယ်ယူရေး၊ ပြည်သူလူထုကို မတရားညှင်းပမ်းနှိပ်စက်ရေး လုပ်ငန်းတွေမှာ ဆက်ပြီးတော အသုံးချသွားမှာဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နအဖစစ်အစိုးရရဲ့ လက်အောက်မှာ ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုမဆို ဒေသခံပြည်သူလူထုတွေအတွက် အကျိုးအမြတ်ရှိမှာမဟုတ်ပါဘူး ။
ဒါကြောင့်ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပြင် နိုင်ငံတကာမှာရှိနေကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီး ရွှေဂတ်(စ်)လှုပ်ရှားမှုကို ဆောင်ရွက် နေကြတာဖြစ်ပါတယ်။
NN။ ရခိုင်ပြည်နယ်က လက်ရှိနအဖ တူးဖော်လုပ်ကိုင်နေတဲ့ ဂတ်(စ်)နဲ့ပတ်သက်ပြီး အနည်းအကျဉ်း ရှင်းပြပေးပါ။ ဂတ်(စ်)ကြောင့်ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ဘယ်လိုရှိနိုင်သလဲ၊ ရှင်းပြပေးပါ။
ဖြေ။ ရခိုင်ပြည်နယ်မှ လက်ရှိနအဖအစိုးရနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ပူးပေါင်းပြီးတော့ ကမ်းလွန်နဲ့ ကုန်းတွင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ကို ရှာဖွေလုပ်ကိုင်နေတဲ့ လုပ်ကွက်ပေါင်း ဆယ်ကွက်ရှိပါတယ်။ စုစုပေါင်း လုပ်ကွက်တွေရဲ့ အကျယ်အ၀န်းက ခြောက်သောင်း စတုရန်းကီလိုမီတာခန့် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကတော့ တောင်ကိုးရီးယား၊ အိန္ဒိယ၊ တရုတ်နှင့်စင်္ကာပူ နိုင်ငံတွေမှ ရေနံကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ အဲဒီလုပ်ကွက်တွေထဲက ဒေးဝူးကုမ္ပဏီနဲ့ အိန္ဒိယနိုင်ငံမှ
ONG နှင့်
GAILတို့ ဦးဆောင်လုပ်ကိုင်နေတဲ့
A-1 နှင့်
A-3 လုပ်ကွက်တွေဟာ စစ်တွေမြို့ရဲ့ ၆၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ထွက်ရှိလာမယ့် ဓါတ်ငွေ့ပမာဏကတော့ (၁၄)တီစီအပ်(ပ်)
TCF အထက်ထွက်ရှိမှာ ဖြစ်တာကြောင့် ဒီရွှေသဘာဝဓါတ်ငွေ့ စီမံ ကိန်း၏ စုစုပေါင်းအမြတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၇-၅၂) ဘီလီယံအထိ ရရှိမှာဖြစ်ပါတယ်။ နအဖစစ်အစိုးရ အနေနဲ့တော့ အသားတင်အမြတ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၁၂-၁၇ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လေ့လာစုံစမ်းရသလောက် အထက်ပါလုပ်ကွက်မှ သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို (၂၀၀၈)ခုနှစ် နှောင်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး၊ ၎င်းဓါတ်ငွေ့ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပိုက်လိုင်းဖြင့် ရောင်းချမှာဖြစ်ပါတယ်။ ပိုက်လိုင်းအရှည်မှာ ကီလိုမီတာ (၂၃၈၀) ရှည်လျားပြီး မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဖြတ်သန်းသွားမည် ပိုက်လိုင်းအရှည်မှာ (၉၉၀)ကီလိုမီတာ ရှည်လျားမှာဖြစ်ပါတယ်။ တပြိုင်တည်းမှာဘဲ အိန္ဒိယအစိုးရအနေနဲ့ နအဖစစ်အစိုးရဆီမှ သဘာဝဓါတ်ငွေ့ ၀ယ်ယူရရှိရေးအတွက် စစ်လက် နက်ပစ္စည်းနဲ့ တခြားစစ်အသုံးအဆောင်များကို ၂၀၀၀ခုနှစ်မှ နအဖစစ်အစိုးရအား ထောက်ပံ့လာရာကနေ ပြီးခဲ့တဲ့ (၂)နှစ်ကာလအတွင်း စစ်လက်နက် ထောက်ပံ့မှုဟာ ပိုမိုအရှိန်တိုးမြှင့်ပြီး ရောင်းဝယ်ထောက်ပံ့ပေးလာတာကို တွေ့နေရပါတယ်။ တကယ်လို့ ပိုက်လိုင်းသွယ်တန်းပြီး သဘာဝဓါတ်ငွေ့ကို အိန္ဒိယအစိုးရသို့ ရောင်းမည် ဆိုရင်တော့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းအရှည်က ကီလိုမီတာ(၁၆၀၀)ကျော် ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဓါတ်ငွေ့ရည်
(LNG) ၀ယ်ယူရေးအတွက် ကိုးရီးယားအစိုးရနဲ့ ဂျပန်နိုင်ငံရှိ မာရို့ဘီနီကုမ္ပဏီတွေ ကလည်း လက်ရှိပေါက်ဈေးထက် အပိုပေးပြီး နအဖစစ်အစိုးရအား ကမ်းလှမ်းထားတာကို တွေ့ရပါတယ်။ အရှက်သိက္ခာကင်းမဲ့ပြီး ယုံကြည်စိတ်မချရတဲ့ နအဖစစ်အစိုးရအနေဖြင့် ဘယ်နိုင်ငံဘယ်ကုမ္ပဏီအပေါ် သဘာဝ ဓါတ်ငွေ့ ရောင်းချမယ်ဆိုတာကတော့ သူတို့ရဲ့အာဏာ ဆက်လက်တည်မြဲရေးနဲ့ နိုင်ငံတကာဖိအားတွေကို အကာအကွယ်ပေးနေတဲ့ သူတို့ရဲ့အသိုင်းအ၀ိုင်း အုပ်စုတွေကို အလေးထားပြီး နောက်ဆုံးအခြေအနေထိ ကျားကွက်ကစားသလိုကစားပြီး စောင့်ကြည့်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက် ဒေးဝူးကုမ္ပဏီ တာဝန်ခံက ဂတ်(စ်)ပိုက်လိုင်းတည်ဆောက်မှု အစီစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဖြစ်တယ်လို့တော့ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ နအဖစစ်အစိုးရကတော့ ဒေးဝူးကုမ္ပဏီ တာဝန်ခံရဲ့ပြောကြားချက်ကို လျစ်လျူရှုပြီး သူတို့ရဲ့ရာသက်ပန် သြဇာရှင်များဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကို ဓါတ်ငွေ့ရောင်းချရေးအတွက် ဦးတည် နေတုန်းပါဘဲ။
ဂတ်(စ်)ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ ကျွန်တော်တို့ပထမ မြန်မာနိုင်ငံအရှေ့ဘက်ပိုင်း ရတနာ ရဲတံခွန်စီမံကိန်းတုန်းက ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုလိုပုံစံမျိုး အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်ဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်အင်အားတိုးချဲ့မှုတွေ၊ ဒေသခံပြည်သူလူထုတွေ ဟာ စစ်သားတွေအတွက် ပေါ်တာလုပ်ငန်းတွေကို လုပ်ပေးရတဲ့ ကိုယ်ပိုင်လယ်ယာမြေ လုပ်ငန်းတွေ လယ်ဧက ထောင်နဲ့ချီပြီး မတရားသိမ်းပိုက် ခံရတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် စစ်သားတွေအနေနဲ့ ဓါတ်ငွေ့ရှာဖွေ တူးဖေါ်ရေး ဇုံနယ်မြေအနီးတ၀ိုက်ရှိ ဒေသခံတံငါသည် ရေလုပ်သားများစွာကို ဖမ်းဆီးရိုက်နှက် ချုပ်နှောင် တာတွေအပြင် ဒေသခံအမျိုးသမီးတွေကို မတရားအနိုင်ကျင့်မှုတွေကို ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်တွင် စစ်တပ်အင်အားဟာ ၁၉၈၈ခုနှစ်က တပ်ရင်း ၃ ရင်းသာရှိခဲ့ပေမယ့် ၂၀၀၆ ခုနှစ်တွင် တပ်ရင်း ၅၃ ရင်းအထိ တိုးချဲ့ချထားခြင်းဟာ ရခိုင်ပြည်မှာရှိနေတဲ့လူဦးရေ အရေအတွက်နဲ့ နှိုင်းယှဉ်ရင်း မတရားသဖြင့်စစ် တပ်အင်အားတိုးချဲ့တာဟာ သိသိသာသာ ထင်ရှားနေပါတယ်။
NN။ ဂတ်(စ်)ကို တူးဖေါ်ရောင်းချတဲ့အတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် မလာနိုင်ဘူး။ လူတွေမချမ်းသာနိုင် ဘူးလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒီဂတ်(စ်)ကို တူးဖေါ်ရောင်းချတဲ့အတွက် ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်လာမယ့်ဆိုတာကတော့ လက်ရှိနအဖ စစ်အစိုးရရဲ့ လက်အောက်မှာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ သူတို့အနေနဲ့ရော နိုင်ငံခြားကုမ္ပဏီအနေနဲ့ရော ဒေသခံပြည်သူတွေအပေါ် ဘာမှမပြောလောက်တဲ့ မက်လုံးအတုအယောင်တွေပေးပြီး ဒီစီမံကိန်းမှ သူတို့ရရှိမဲ့ အကျိုးအမြတ်တွေကိုသာ ဦးတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေ အနေနဲ့လည်း သူတပါးနိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပေးရမယ့်ကိစ္စဆို တာ လက်ရှိနအဖအစိုးရရဲ့ မူဝါဒအောက်မှာ ဘယ်လိုနည်းနဲ့မှ ဖြစ်မလာနိုင်တဲ့ စိတ်ကူးယဉ်မှုတွေသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသခံပြည်သူလူထုတွေ မချမ်းသာလာနိုင်တဲ့အပြင် စစ်အစိုးရက ဓါတ်ငွေ့ရောင်းရ ငွေနဲ့ လက်နက်ပိုမိုဝယ်လေလေ ဒေသခံများအဖို့ ပိုပြီးဆင်းရဲနှိပ်စက်ခံဘ၀မှာဘဲ ဆက်လက်ရှိနေမှာ ဖြစ်ပါ တယ်။ တကယ့်ပြည်သူတွေအတွက် အသုံးပြုမယ်ဆိုရင် ဒီသဘာဝဓါတ်ငွေ့ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလွဲ အသုံးပြုပါက မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေ သန်းပေါင်း(၅၀)ကျော်ဟာ ၂၄ နာရီအပြည့် လျှပ်စစ်စွမ်းအင်ကို အနည်းဆုံးနှစ်ပေါင်း ငါးဆယ်ခန့် အသုံးပြုနိုင်ပြီး ရခိုင်ပြည်လူဦးရေအနေဖြင့် ၂၄ နာရီအပြည့် လျှပ်စစ်စွမ်းအင်ကို နှစ်ပေါင်း ၄၀၀ ကျော်အဆက်မပြတ်အသုံး ပြုနှိုင်မှာဖြစ်ပါတယ်။
ယခုလောလောဆယ်တော့ ဒေးဝူးကုမ္ပဏီရော၊ အိန္ဒိယအစိုးရနဲ့ တရုတ်အစိုးတို့ကပါ နအဖစစ်အစိုးရရဲ့ သက်ဆိုး ရှည်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီပြီးတန်းဖိုးရှိ စစ်လက်နက်ပစ္စည်းတွေကို အရှိန်တိုးမြှင့်စွာ ထောက်ပံ့ပေးနေတာကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂ လုံခြုံ ရေးကောင်းစီက အရေးယူဆောင်ရွက်ရေးအပေါ် တရုတ်အစိုးရအနေနဲ့ နအဖစစ်အစိုးရဖက်မှာ မားမားမတ်မတ် ရပ်တည်ပြီး ဗီတိုအာဏာသုံးပယ်ချခဲ့ရာ စစ်အစိုးရအနေဖြင့် နိုင်ငံတကာဖိအားပေးမှုကို ဆက်လက်လွန်ဆန် အာခံနိုင်သည့် အခြေအနေတရပ်သို့ တွန်းပို့လိုက်သလိုမျိုး ဖြစ်သွားပါတယ်။
NN။ လက်ရှိလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အောင်မြင်မှုတွေရရှိတယ်လို့ မြင်ပါသလား။ မြင်တယ်ဆိုရင် အတိုင်းအတာ တခုထိ ရှင်းပြပေးပါ။
ဖြေ။ ယခုလက်ရှိ ကျွန်တော်တို့လှုပ်ရှားမှုနှင်ပတ်သက်ပြီး အောင်မြင်မှုတွေကတော့ ဖြည်းဖြည်းရလာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုလှုပ်ရှားမှုမှာ ဒေသခံပြည်သူလူထု လှုပ်ရှားမှုတွေ၊ အတိုက်အခံအင်းအားစုတွေ၊ နိုင်ငံ တကာမှ အဖွဲ့အစည်းတွေပါဝင်တဲ့ ကျွန်တော်တို့ နိုင်ငံတကာရွှေဂတ်(စ်)စီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို နိုင်ငံ ပေါင်း၂၀ကျော် နေရာပေါင်းလေးဆယ်ကျော်ဖြန့်ခွဲပြီး ဆန္ဒပြတောင်းဆို နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု အပေါ် ဒေသခံပြည်သူတွေကရော နိုင်တကာအင်အားစုတွေကပါ အားပေးပါဝင်လှုပ်ရှားမှု ပိုမိုပါဝင်လာတာကို တွေ့ရပါတယ်။ လာမယ့် မေလ(၈)ရက် ၂၀၀၇ခုနှစ်မှာဆိုရင် ဒေးဝူးကုမ္ပဏီ အကြီးအကဲတွေကို နအဖစစ်အစိုးရ အပေါ် လက်နက်ပစ္စည်းနဲ့နည်းပညာများ မတရားထောက်ပံ့ပေးခဲ့တဲ့အတွက် တောင်ကိုးရီးယား တရားရုံးတော်က နေပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်တွေ ချမှတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းအပေါ်မှာ တဆင့်ခံပါဝင် ပတ်သတ်နေတဲ့ မည်သည့်ကုမ္ပဏီအဖွဲ့စည်းကိုမဆို နိုင်ငံတကာညီအစ်ကိုတွေနဲ့ ဒေသခံပြည်သူလူထုတွေ ပူးပေါင်းပြီးတော့ စီမံကိန်းရပ်တန့်တဲ့အထိ သက်ဆိုင်ရာကတဆင့် ဆန့်ကျင် လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။
NN ။ ခုလှုပ်ရှားမှုမှာ နိုင်ငံတကာ မိသားစုတွေ ပါဝင်ပတ်သက်တဲ့ အခြေအနေသိပါရစေ။
ဖြေ။ ခုလှုပ်ရှားမှုမှာ နိုင်ငံတကာ မိသားစုတွေ ပါဝင်ပတ်သက်နေတဲ့ အခြေအနေကိုပြောရရင် အထူးသဖြင့် အင်္ဂလန်နိုင်ငံက
( Burma Campaing UK) တောင်ကိုးရီးယားနိုင်ငံမှာ မြန်မာ့ဒီမို ကရေစီအင်အားစုတွေနှင့်
NGOS တွေ၊ နယ်သာလန်နိုငံက
(BURMA CENTRUN NETHERLAND) ကနေဒါမှ
(CFOB) နှင့်တခြားနိုင်ငံပေါင်း ၂၀ ကျော်မှ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာတာကို တွေ့ရပါတယ်။
NN။ ဘယ်သူတွေတားတား နအဖကတော့ ဘယ်သူ့ကိုမှ အရေးစိုက်မှာမဟုတ်ဘူး။ ဒီစီမံကိန်းကို ဆက်လုပ် သွားလိမ့်မယ်လို့ လူတွေကပြောနေကြပါတယ်။ အေးဒီအပေါ်မှာ ဘာများပြောလိုပါသလဲ။
ဖြေ။ သူတို့ဘယ်လိုအခြေအနေမှာဘဲ ဆက်လုပ်လုပ် ကျွန်တော်တို့ အနေနဲ့ကတော့ ပထမ ဒီစီမံကိန်းရပ်တန့် ဖို့ရယ် ဒါမှမဟုတ်ရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးပြီး ဒေသခံပြည်သူလူထုတွေရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်တဲ့အစိုးရတရပ် ရွေးချယ်တင်မြောက်နိုင်တဲ့ အချိန်ကာလအထိ စီမံကိန်းကို ရွေ့ဆိုင်း ထားရန် ဘက်စုံဖိအားပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
NN။ နအဖစစ်အစိုးရက ရွှေဂတ်(စ်)လှုပ်ရှားသူတွေက တောင်းဆိုတာကို မလိုက်လျှော့ဘူး။ ဆက်လက် ရခိုင် ဂတ်(စ်)ကို တူးဖေါ်သွားမယ်ဆိုရင် နောက်ဆုံးအနေနဲ့ ဘယ်လိုဟန့်တားလုပ်ဆောင်သွားဖို့ အစီစဉ်များရှိပါ သလဲ။
ဖြေ။ နအဖစစ်အစိုးရအနေနဲ့ အခုသဘာဝဓါတ်ငွေ့စီမံကိန်းကို ဘယ်အခြေအနေထိ ရှေ့ဆက်လုပ်ဆောင် သွားမလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျတော်တို့အနေနဲ့ ဒေသခံပြည်သူတွေနှင့်ပူးပေါင်းပြီး အထိ ရောက်ဆုံး လှုပ်ရှားသွားမှာဖြစ်ပါတယ်။ ပြင်တွင်း၊ပြည်ပလှုပ်ရှားမှုမျိုး အထူးသဖြင့်ပြည်သူတွေရဲ့ တကယ့် ခံစား ချက်တွေကို ထုတ်ဖော်ပြသနိုင်မယ့် ပြည်တွင်းလှုပ်ရှားမှုမျိုးကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
NN။ ဂတ်(စ်)ကို တရုတ်ကိုရောင်းမယ်။ အိန္ဒိယကိုမရောင်းဘူး။ စသဖြင့်ပေါ့လေ ဂတ်(စ်)ကိုပြပြီး တရုတ်နဲ့အိန္ဒိယ အကြားမှာ နအဖစစ်အစိုးရက ကစားနေတာတွေ့ရှိပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်ကြတာနဲ့အညီ စွမ်းအင်အလို အပ်ဆုံး နိုင်ငံ(၂)နိုင်ငံလည်း ဖြစ်ပါတယ်။ သို့အတွက် ရခိုင်ကမ်းလွန်မှရရှိမယ့် သဘာဝဓါတ်ငွေ့ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ရယူလိုတဲ့အတွက် အခွင့်ကောင်းယူပြီး အရှက်သိက္ခာမဲ့တဲ့ နအဖစစ်အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုအနေနဲ့ သူတို့အာဏာသက်ဆိုးရှည်စေရေးကို ထောက်ပံ့ အကာကွယ်ပေးမယ့် ဘယ်လိုအစိုးရကိုဘဲဖြစ်ဖြစ် နောက်ဆုံးမိနစ်ထိ ဂတ်(စ်)ကိုမက်လုံးပေးပြီးရောင်းချ သွားမှာဘဲ ဖြစ်ပါတယ်။
NN။ ရခိုင်ပြည်သူလူထုကိုရော ၊ မြန်မာလူထုကြီးရော ဂတ်(စ်)လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီးဘာများပြောစရာ ရှိပါသလဲ။
ဖြေ။ ရခိုင်ပြည်သူလူထုကိုရော မြန်မာလူကြီးကိုရော နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော ဂတ်(စ်)လှုပ်ရှားမှုနဲ့ ပြောကြားလိုတာကတော့ နိုင်ငံပိုင်(သို့) ပုဂ္ဂလိကပိုင်ဖြစ်စေ ရွှေသဘာဝဓါတ်ငွေ့ စီမန်ကိန်း၌ ပါဝင်ပတ်သတ် နေကြတဲ့ လုပ်ငန်းအဖွဲ့စည်းအားလုံးကို စစ်အစိုးရနဲ့လက်တွဲ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းအားလုံးကို ရပ်တန့် ထားရေးတောင်းဆိုရန်နဲ့ ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်ထားသော အစိုးရမတက်မချင်း ဓါတ်ငွေ့ရှာဖွေ ထုတ်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ကြည်ကြဖို့အရေး တောင်းဆိုကြရန်ဖြစ်ပါတယ်။ ပိုမိုကြီးမား ကျယ်ပြန့်သော နိုင်ငံတကာ လူ့အဖွဲ့အစည်းများ ဒေသခံပြည်သူလူထုများအနေဖြင့် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ဖြစ်ပေါ်ကြုံတွေ့ရသော ဘေးဥပါဒ်အန္တရယ်များ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အများပြည်သူတို့ သိရှိအရေးယူနိုင်ရန်အတွက် ကျွန်တော်တို့ ရွှေဂတ်(စ်) လှုပ်ရှားမှုနှင့်အတူ ဆက်လက်ပြီး လက်တွဲဖေါ်ထုတ်သွားကြပါရန် လေးစားစွာတိုက်တွန်း အပ်ပါတယ်။
NN။
နောက်ဆုံးဘာများပြောစရာရှိပါသလဲ။ ပြောပြပေးပါ။
ဖြေ။ မိမိတို့ နိုင်ငံမှ ထွက်ရှိတဲ့ အဖိုးတန်သဘာဝ သယံဇာတပစ္စည်းတွေကို မိမိတို့ ပြည်သူလူထုတွေ ကိုယ်တိုင် ပါဝင် အသုံးပြုနိုင်ရေးအတွက် မရွံ့မကြောက် ဆန္ဒဖော်ထုတ်ပြသကြပါ။ ပြည်သူလူထုတွေရဲ့ ဒီမိုကရေစီစနစ် အရ ရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ် အမြန်ဆုံးပေါ်ပေါက် လာရေးအတွက် နအဖကို ၀ိုင်းဝန်းတိုက်ပွဲဝင်ကြ ပါလို့ တိုက်တွန်းလိုပါတယ်။
****