အမေရိကန်နိုင်ငံတွင်နေထိုင်သော ရခိုင်ဝါရင့်နိုင်ငံရေးသမား ဒေါက်တာရွှေလူမောင်နှင့် တွေ့ဆုံ မေးမြန်းခန်း
ဒေါက်တာရွှေလူမောင်သည် အသက် (၉) နှစ်သားကတည်းက မင်းပြားမြို့နယ် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းသားသမဂ္ဂဦးဆောင်သည့် “ သံမဏိ ” ကျောင်းသားအဖွဲ့တွင် အဖွဲ့ဝင်လုပ်ခဲ့သည်။ (၁၉၆၂) ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့သည်။ (၁၉၆၆-၆၇)ခုတို့မှာ ဗိုလ်ကြီးကြာလှအောင်၊ ဥက္ကဌကျော်ဇံရွှီတို့ရဲ့ နောက်လိုက်တပည့်အဖြစ်ဖြင့် တော်လှန်ရေးနိုင်ငံရေးကို လုပ်ခဲ့သည်။ (၈၈) အရေးအခင်းပြီးနောက် မျိုးဆက်သစ်လူငယ်များ တောခိုလာသောအခါ ဒေါက်တာရွှေလူမောင်သည် မိသားစုအရေးများကိုစွန့်ပါယ်ပြီး တော်လှန်ရေးနယ်သို့ ပြန်ဝင်ခဲ့သည်။ (DAB) မာနယ်ပလော ဗဟိုမှာတာဝန်ယူခဲ့တယ်။ (ALD) ခေါင်းဆောင် ဦးသာနိုး၊ ဦးအောင်ဝင်းတို့ ပန်ကြားမှုကြောင့် (ALD) အတွက် တာဝန်ထမ်းဆောင်ခဲ့သည်။ အာရကန် ဒီမိုကရေစီ အင်အားစု (Arakan Democratic Forces, ADF) ကိုထူထောင်ပေးခဲ့သည်။ မြန်မာ-ရခိုင်နိုင်ငံရေးက (၂၀၀၁)ခုနှစ်မှာ အနားယူခဲ့သည်။ယခုအခါ အမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီး အမေရိကန်နိုင်ငံတွင် မိသားစုနှင့် အတူနေထိုင်သည်။ အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်ပါတီ(Democratic Party) အမေရိကန်အတွက် ဒီမိုကရေစီအဖွဲ့ (Democracy for America DFA) အာရှပစိဖိတ် အမေရိကန်များ တိုးတက်ရေးအဖွဲ့ (Asian Pacific American APA for Progress) စသည်တို့မှာပါဝင်လုပ်ကိုင်နေသည်။ သူ၏အတွေ့အကြုံများကို စာအုပ်များဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။ ယခင်ထုတ်ဝေခဲ့သော(ARAKANPOST) အင်္ဂလိပ်ပိုင်းတွင်လည်း အခန်းဆက်ဆောင်းပါးများကို လစဉ်ရေးသားခဲ့သည်။ သူ၏ဆောင်းပါးများအား www.shwelumaung.org မှာဖတ်ရှုနိုင်သည်။

(NN) လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအပေါ်အမြင်ကိုအနည်းငယ်ရှင်းပြပေးလိုပါတယ်။

ဖြေ။ ယေဘူယျပြောရရင် မြန်မာနိုင်ရေးဟာ ဗမာလက်ဝါးကြီးအုပ်ဝါဒ (Burman hegemonism) ဖြစ်တယ်။ စံအရပြောရရင်မြန်မာကိုလိုနီ စနစ်ဖြစ်တယ်။ နိုင်ငံရေးဟူသည်မှာ ပြည့်သူ ကောင်းစားရေးဝါဒဖြစ်သည်လို့ အဓိပ္ပါယ်ဖွင့်ရရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာမရှိဘူး။ သို့သော်စစ်အစိုးရဟာ အမျိုးသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များစွာနှင့် ငြိမ်းချမ်းရေး ပြုထားတယ်။ ဒါကိုဥပေက္ခာပြုလို့မရဘူး။ သိပ်အရေးကြီးတယ်။ (၄၅) နှစ်တိုင်တိုင် အုပ်စိုးလာတဲ့ ဗမာစစ်အစိုးရဟာ အင်မတန် ပရိယာယ်ကြွယ်ဝတယ်။ သံတမန်အတွ့အကြုံရင့်တယ်။ ဒီမိုကရေစီအုပ်စုတွေဟာ သင်္ဘောပျက်လို့မျောနေတဲ့ သင်္ဘောသားတွေလိုဘဲ တယောက်ကို တယောက် အပြစ်တင်တာကလွဲလို့ ဘာမှအလုပ်မဖြစ်ကြဘူး။

(NN) နအဖ စစ်အုပ်စုက ရေးဆွဲနေတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ နအဖရဲ့ (၂၀၀၈) ခုမှာ ပြည်သူ့ဆန္ဒခံယူအတည်ပြုမယ့် အခြေခံဥပဒေဟာ “ ဗမာစစ်ဗိုလ်များစိုးမိုးသော ” ကွာစိပြည်ထောင်စု(Quasi Federation) ကိုဦးတည်တယ် ဒါဟာရှေ့မိဘဘိုးဘွားများ တည်ထောင်ခဲ့သော သမတနိုင်ငံဝါဒ (Republicanism) နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ သမတနိုင်ငံတခုမှာ အချုပ်အချာအာဏာသည် ပြည်သူမှဆင်းသက်တယ်။ ပြည်သူသည်သာလျှင် အချုပ်အချာအာဏာပိုင်ဖြစ်တယ်။ နအဖရဲ့ နိုင်ငံအခြေံခံ ဥပဒေမှာ အချုပ်အချာအာဏာဟာ “ ဗမာလူမျိုးနှင့်ဗမာစစ်ဗိုလ်များမှဆင်းသက်တယ်။ ” ဗမာစစ်ဗိုလ်များသည်သာလျှင် အချုပ်အချာ အာဏာပိုင်တယ်။ ဒါကြောင့်ငါတို့မိဘဘိုးဘွားများ (၁၉၄၈)ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ စစ်တပ်ကြီးစိုးတဲ့ စတုတ္တအင်ပါယာ အသွင်ပြောင်းပြီး ရပ်တည်ခရီးဆက်လိမ့်မယ် လို့ယူဆတယ်။

(NN) ခုထွက်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ရခိုင်အမျိုးသားတွေအတွက် တစုံတရာအကျိုး ရှိနိုင်မယ်လို့ ယူဆပါသလား။

ဖြေ။ ဗမာစစ်ဗိုလ်များစိုးမိုးတဲ့ အင်္ဂါမစုံသော ပြည်ထောင်စု (Quasi federation) ဟာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး စနစ်ရဲ့ ဒိုမီနီယံ (Dominion) ဟုခေါ်သော “ ကိုယ်ပိုင်အုပ်ချုပ်ရေး ” မူဝါဒဖြစ်တယ်။ ယင်းမူဝါဒဟာ စေတနာ ဘုရင် (Benevolent Ruler) အုပ်ချုပ်ရေးဝါဒ ဖြစ်တယ်။ ဒါကြောင့် ဗမာစစ်ဗိုလ်များ စေတနာထားသော ပုဂ္ဂိုလ်များ ကြီးပွားမယ်။ အညတြပြည်သူအများစုက ဆင်းရဲပင်ပန်းမယ်။ ဒုက္ခများမယ်း။ ရခိုင်ပြည်သူတို့လည်း ဗမာကျွန်ဘ၀မှ လွတ်မြောက်စရာလမ်းမမြင်ဘူး။ အဘယ်ကြောင့်ဆိုသော် ယင်းအင်္ဂါမစုံပြည်ထောင်စုတွင် ရခိုင်ပြည်နယ် အပါအ၀င် ပြည်နယ်ခုနှစ်ခုနဲ့ တိုင်းကြီးခုနှစ်တိုင်း ပါရှိနေတဲ့အတွက်ဖြစ်တယ်။

တိုင်းကြီး ခုနှစ်တိုင်းဟာ (၁၉၄၇) ခုမြန်မာနိုင်ငံ အခြေခံဥပဒေရဲ့ “ ဗမာပြည်မ ” ဖြစ်တယ်။ ငါတို့မိဘဘိုးဘွားများ ချမှတ်ခဲ့တဲ့မူမှာ “ ပြည်ထောင်စု ” မြန်မာနိုင်ငံဖြစ်တယ်။ “ ပြည်နယ်စု ” မြန်မာနိုင်ငံမဟုတ်ဘူး ဒီမူကိုခံယူပြီး ကျွန်တော်ဗိုလ်ကြီးကြာလှအောင်ရဲ့ ခေါင်းဆောင်မှုကို (၁၉၆၆) ခုမှာခံယူခဲ့တယ်။ တော်လှန်ရေးနယ် ၀င်ခဲ့တယ်။ ဗမာစစ်အစိုးရကို တော်လှန်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ “ ဗမာပြည်မ ” တိုင်းများက ကြီးစိုးအုပ်ချုပ် ချယ်လှယ်သော ပြည်နယ်များသည် ဗမာကိုလိုနီများသာဖြစ်သည်။ ပြည်ထောင်စုမူအရ “ ရခိုင်ပြည်သည် ” ရခိုင်ပြည်ဖြစ်တယ်။ “ ရခိုင်ပြည်နယ် ” မဟုတ်ဘူး။ ဒါကိုပြတ်ပြတ်ထင်ထင် နားလည်ရမယ်။ ဒီနေ့ပြည်နယ်နှင့်တိုင်းများ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေးဒေသ (၁၄)ခုကို ပြည် (States) များအဖြစ် အဆင့်မြှင့်ပြီး တန်းတူမျှတသော ပြည်ထောင်စုတခုကို ငါ့တို့ဦးတည် တိုက်ခိုက်ရမယ်။ ယင်းပြည်ထောင်စုမှာ အချုပ်အချာအာဏာသည် ပြည်သူမှဆင်းသက်ပြီး ပြည်သူသည်သာလျှင်အချုပ်အချာ အာဏာပိုင်ဖြစ်ကြောင်း ပိုင်ပိုင်နိုင်နိုင်ဥပဒေပြုရမယ်။ ပြည်သူတို့သည် အမျိုးဘာသာဒေသမရွေး တသွေးတသားတည်းဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာဥပဒေပြုရမယ်။ လူမျိုးရေး၊ ဘာသာရေး၊ ဒေသရေးတို့ဟာ အချုပ်အချာအာဏာကို ၀င်စွက်ပိုင်ခွင့်မရှိစေရဘူး။ အကျဉ်းချုပ်ရရင် နောင်ပေါ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်မှာ “စံရဖွေ ” လူစုတွေဘဲ ကောင်းစားကြမယ်။

(NN) လက်ရှိရခိုင်ပြည်နိုင်ငံရေးအပေါ်မှာကော ဘယ်လိုသုံးသပ်ထားပါသလဲ အနည်းငယ်ရှင်းပြပေးပါ။

ဖြေ။ ရခိုင်ပြည်နိုင်ငံရေးရဲ့ လက္ခဏာများဟာ
(၁) ရခိုင်ပြည်နိုင်ငံရေးသည် မြန်မာနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးတို့နဲ့ ကင်းကွာနေတယ်။ ပိုမိုနီးစပ်ပြွမ်းတီးရန် ကြိုးစားရမယ်။
(၂) ရခိုင်ပြည်နိုင်ငံရေးမှာ လူမျိုးရေးဝါဒီ၊ ဘာသာရေးဝါဒီ၊ စိုးမိုးနေတယ်။ ဒီရခိုင်ပြည်တွင်း လူမျိုးရေး၊ဘာသာရေး ပြဿနာကို မဖြေရှင်းနိုင်ရင် ရခိုင်ပြည်နှင့်ရခိုင်ပြည်သူတွေ မကြာခင်ကာလအတွင်း ကြီးမားသောဒုက္ခကို ရင်ဆိုင်ရလိမ့်မည်။ အသေးစိတ်ကိုငါရဲ့ (၂၀၀၅) ခုထုတ်တဲ့
(The Price of Silence) စာအုပ်ကို ဖတ်ပါ။
(၃) ရခိုင်ပြည်နိုင်ငံရေးဟာ ဒွိဟများပြီး ဦးတည်ချက်မဲ့နေတယ်။ ငါတို့မိဘဘိုးဘွားများ (၁၉၄၇- ၄၈) မှာချမှတ်ခဲ့သော ပြည်ထောင်စုသမတနိုင်ငံရဲ့ “သမတ ” ဟူသောအဓိပ္ပါယ်၊ “မြန်မာ ” ဟူသောအဓိပ္ပါယ်၊ “နိုင်ငံ ” ဟူသောအဓိပ္ပါယ်တို့ကို ပြတ်ပြတ်ထင်ထင်နားလည်သဘောပေါက်အောင် ကြိုးစားကြရမည်။ ဒီတော့မှ ရခိုင်ပြည်နိုင်ငံရေး ဦးတည်ချက်ပန်းတိုင်ဟာ ရုပ်လုံးပေါ်လာမယ်။

(NN) ရခိုင်နိုင်ငံရေးနယ်ပါယ်ထဲမှာ အငြင်းအခုံဖြစ်နေတဲ့ ကိစ္စရပ်တွေ တချို့ရှိနေပါတယ်။ ဒီအထဲမှာ အမြင်ကွဲပြားနေတဲ့ အဓိကကိစ္စကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ရေးနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့်ကိုအာမခံတဲ့ ဗမာပြည်ထောင်စုအောက်မှာဘဲ အတူတကွ ယှဉ်တွဲနေသွားရေးစတဲ့ နိုင်ငံရေး၊သဘောတရား ကွဲပြားနေမှုပါဘဲ အေးဒီအပေါ် ဘယ်လိုအမြင်များရှိသလဲဆိုတာ သိပါရစေ။

ဖြေ။ ငါတို့ရဲ့တော်လှန်ရေးကို (၁၇၈၄) ခုမှာ ဗိုလ်ချင်းပျံစခဲ့တယ်ဆိုတာကို ငြင်းလို့မရဘူး။ သူရဲ့တော်လှန်ရေးဟာ ဘုရင့်နိုင်ငံ ထူထောင်ရေးဖြစ်တယ်။ (၂၀)ရာစုမှာကျတော့ ကျေးဇူးရှင် ဦးဥတ္တမ ခေါင်းဆောင်တဲ့ ပြည်သူတွေဟာ သမတနိုင်ငံတရပ်ကို ဦးတည်လာကြတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံရေးပယောဂနဲ့ ကိုက်ညီသော လှုပ်ရှားမှုဖြစ်တယ်။ ဦးဥတ္တမဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး ရခိုင်ခေါင်းဆောင်၊ ဗမာခေါင်းဆောင်၊ မြန်မာခေါင်းဆောင်၊ အာရှခေါင်းဆောင် တဦးဖြစ်တယ်။ ဦးဥတ္တမအစပျိုးထူထောင်ခဲ့တဲ့ ဗြိတိသျှကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ရလာဒ်အဖြစ် ငါတို့ရဲ့မိဘဘိုးဘွားများ (၁၉၄၈) မှာပြည်ထောင်စုမြန်မာနိုင်ငံတခုကို ထူထောင်ခဲ့ကြတယ်။ ဒါဟာဘုရင့်ဝါဒ (Monarchy) ကိုဆန့်ကျင်သော သမတ၀ါဒ (Republicanism) ဖြစ်တယ်။ ဒါကြောင့် (၁၉၄၈)ခုမှာ ဘီလူးစည်းလူစည်းတားပြီးတော့ သမိုင်းကိုခွဲခြားရမယ်။ (၁၉၄၈) ခုမတိုင်မှီကာလသည် ပဒေသရာဇ် ကိုလိုနီခေတ်ဖြစ်တယ်။ (၁၉၄၈) ခုနောက်ပိုင်းကာလသည် ပြည်သူ့ဒီမိုကရေစီခေတ်ဖြစ်တယ်။ ရခိုင်ပြည်သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ရေးဟာ ရခိုင်ပဒေသရာဇ် အကြွင်းအကျန်ဝါဒဖြစ်တယ်။ ခေတ်နောက်ဆွဲ ၀ါဒဖြစ်တယ်။ ငါဆန့်ကျင်တယ်။ ဗမာပဒေသရာဇ်တစုက အာဏာသိမ်းပြီး ငါတို့ မိဘဘိုးဘွား များတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုသမတနိုင်ငံကို ဖျက်ဆီးဒါကြောင့် ငါတို့ဟာဗမာ ရခိုင်ပဒေသရာဇ်ကိုလိုနီ စနစ်ကိုဆန့်ကျင်ပြီး သမတနိုင်ငံဝါဒကိုလက်ခံသော ဗမာ၊ မွန်၊ ကရင်၊ ကယား၊ ရှမ်း ၊ကချင်၊ ချင်းစသည့် ပြည်သူအားလုံးနဲ့ပူးပေါင်းပြီး ပြည်သူလွတ်မြောက်ရေး သမတနိုင်ငံ ပေါ်ပေါက်ရေးတို့အတွက် ကြိုးပန်းရမယ်။ ဒီနေ့ကမ္ဘာမှာ ASEAN/SAARC/EU စသည်ဖြင့် ဆူပါသမတနိုင်ငံများ Super Republics ပေါ်ပေါက်နေတယ်ဆိုတာ သတိပြုကြပါ။

(NN) ကျွန်တော်တို့ရခိုင်တော်လှန်ရေးကို တော်လှန်ဆင်နွဲနေကြတာ နှစ်ပေါင်းရာချီပြီးရှိနေပါပြီ ရည်မှန်းချက် မပေါက်မြောက်နိုင်တဲ့ အဓိကအခက်အခဲ အနှောင့်အယှက် အဟန့်အတားတွေက ဘာလို့ယူဆပါသလဲ။

ဖြေ။ အထက်ကဖြေဆိုပြောကြားခဲ့သလို (၁၇၄၈) ခုမှာ ဗမာတွေစခဲတဲ့ ဗမာ-ရခိုင်စစ်ပွဲဟာ ဒီနေ့ထိမပြီးဆုံးသေးဘူး ရခိုင်ပြည်တော်လှန်ရေးကို ပဒေသရာဇ်တော်လှန်ရေး ပြည်သူတော်လှန်ရေးဆိုပြီးတော့ ကဏ္ဍခြားရမယ်။ ပဒေသရာဇ်တော်လှန်ရေး မအောင်မြင်ခဲ့တာဟာ ကာလဒေသ ပယောဂကြောင့်ဖြစ်တယ်။ ငါဆိုချင်တာက (၁၈)ရာစု (၁၉)ရာစုတို့ဟာ ပဒေသရာဇ်နေ၀င်ချိန်ဖြစ်တယ်။ (၂၀) ရာစုမှာကျတော့ ပဒေသရာဇ်စနစ်ဟာ နိဂုံးချုပ်ခဲ့တယ်။ ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ အစပျိုးခဲတဲ့ ပြည်သူတော်လှန်ရေးဟာ (၁၉၄၈) ခုမှာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ အသီးအပွင့်ကိုပေးခဲ့တယ်။ သို့သော်တပါတီ အာဏာရှင်ဝါဒီများ စစ်အာဏာရှင် ၀ါဒီများနှင့် ပဒေသရာဇ်အကြွင်းအကျန်များဟာ ယင်းသမတနိုင်ငံကို ဖျက်ဆီးခဲ့တယ်။ ဒီလိုဝါဒ၊ ၀ါဒီပေါင်းစုံကြားမှာ ငါတို့ဟာဒွိဟပွားပြီး တော်လှန်ရေးလမ်းစပျောက်ခဲ့တယ်။ ငါတို့၏ပန်းတိုင်သည် ပြည်ထောင်စုသမတနိုင်ငံ(Federal Republic)တခုဖြစ်တယ်ဆိုတာကို မျက်ခြေမပြတ် သင့်ဘူး။ ဒါကြောင့်သမတ နိုင်ငံဝါဒ ပြည်ထောင်စုဝါဒတို့ကို ကြေကြေညက်ညက် နားလည်အောင် ကြိုးစားရမယ်။
၁၊ နိုင်ငံတော်၏အချုပ်အချာအာဏာသည် ပြည်သူမှဆင်းသက်ပြီး ပြည်သူသည်သာလျှင် အချုပ်အချာ အာဏာပိုင်သည်။
၂။ အမျိုး ဘာသာဒေသမရွေး ပြည်သူတိုင်းသည် တသွေးတသားတည်းဖြစ်သည် တည်းဟူသော နိယာမတရား (၂ )ချက်ကို နှုတ်ငုံနှလုံးလုံ နားလည်ရမယ်။ တချိန်တည်းမှာဘဲ အနှောင့်အယှက် အဟန့်အတားတွေဖြစ်တဲ့
၁။ ပဒေသရာဇ်အကြွင်းအကျန်ဝါဒ
၂။ စစ်အာဏာရှင်ဝါဒ
၃။ ဘာသာရေးဝါဒ
၎။ လူမျိုးရေးဝါဒ
ဆိုတဲ့ ၀ါဒဆိုး(၄)ရပ်ကို တိုက်ခိုက်ဖျက်သိမ်းရမယ်။ ဒီလိုတိုက်ခိုက်ဖျက်သိမ်းရာမှာ မြန်မာနိုင်ငံတ၀ှမ်း ကမ္ဘာတ၀ှမ်း ဗျူဟာအမျိုးမျိုးနဲ့ အဆင့်ဆင့် ကြိုးစားရမယ်။ ဗျူဟာတွေကို လူချင်းတွေ့မှ ငါရှင်းလင်းတင်ပြမယ်။ ဗျူဟာ မပေါက်စေလိုဘူး။

(NN) အနာဂတ် တိုင်းပြည်ကို ဦးဆောင်ကြမယ့် ရခိုင်လူငယ်တွေကို ဘာများမှာကြားပြောကြားချင်ပါသလဲ။

ဖြေ။ ဒီနေ့နဲ့မနက်ဖန်မှာ နိုင်ငံနဲ့ပြည်သူကို ဦးဆောင်မယ့် ပုဂ္ဂိုလ်တွေဟာ
၁။ အထက်ကပြောခဲ့တဲ့ အချက်အလက်တွေကို နှလုံးသွင်းရမယ်။
၂။ ပြည်သူသည်သာလျှင် ပဓာနဆိုတဲ့ တရားကိုလက်ကိုင်ထားရမယ်။
၃။ တရားမျှတရေး
(Justice) တန်းတူညီမျှရေး (Equality) အချုပ်အချာအာဏာရေး (Sovereignty) စသည်တွေဟာ မွေးရာပါအခွင့်အရေးများ (Rights) ဖြစ်တယ်။ အခွင့်အရေး (Privilege) မဟုတ်ဘူး။ ဒါကိုနား လည်ရမယ်။
နိုင်ငံရေးတော်လှန်ရေးသမားတွေဟာ အခွင့်အာဏာ
(Rights) နှင့် အခွင့်အရေး (Privilege) ဆိုတာကို ရောထွေးကျင့်သုံးနေကြတယ်။ ဒါဟာမြန်မာနိုင်ငံရေး ဝေါဟာရချို့တဲ့မှုကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံ ရေးစာပေဟာ သခင်စိုး၊ ဦးနု၊ ဂျာနယ်ကျော်ဦးချစ်မောင်၊လူထုဦးလှ၊ဦးချစ်လှိုင်စတဲ့ ပုဂ္ဂိုလ်တွေ အင်္ဂလိပ် ဘာသာက ဗမာဘာသာသို့ ပြန်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်သတိထားရမယ်။
၎။ ကမ္ဘာ့စာပေ ဘာသာစကားတို့ကို ကျွမ်းကျင်ရမယ်။
၅။ သံတမန်ပရိယာယ်ကြွယ်ဝရမယ်။
၆။ ကမ္ဘာ့ယဉ်ကျေးမှူကိုနားလည်ရမယ်။
၇။ ကမ္ဘာ့စီးပွားရေးကို တတ်ကျွမ်းရမယ်။
၈။ သိပ္ပံပညာကို တီးခေါက်နိုင်ရမယ်။
၉။ ကမ္ဘာ့တခွင်ပေါ်လစီ
(Globalization) ကိုသဘောပေါက်ရမယ်။
၁၀။ ကမ္ဘာ့အပူကြီးမှု
(Global warming) ကြောင့်ဖြစ်ပေါ်လာမဲ့ ကမ္ဘာ့နိုင်ငံရေးကို မျက်ခြေမပြတ်ထောက်ရှု့ လေ့လာရမယ်။

(NN) နောက်ဆုံးပြောချင်တာတွေ ရှိရင်ဆက်လက်ပြောပြပေးပါ။

ဖြေ။ ဖွံ့ဖြိုးလွတ်လပ် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုသမတ မြန်မာနိုင်ငံ ပေါ်ပေါက်ပါစေလို့ ငါဆုတောင်း ပါတယ်။

****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.