သြဂတ်(စ်) ၁၃ စစ်တွေ ဆန်ပြဿနာနေ့တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူ ဦးမောင်အေးချမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း
၁၉၆၇-ခုနှစ် သြဂတ်(စ်) ၁၃ ရက်နေ့ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးမောင်အေးချမ်းမှာ ရခိုင်ပြည် စစ်တွေမြို့မှဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၂)နှစ်အကြာ ၁၉၅၀-ခုနှစ်တွင် မွေးဖွါးခဲ့သည်။ ဘ၀သက်တမ်းတလျှောက်လုံး ရခိုင်နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် ထောင်အကြိမ်ကြိမ်ကျခဲ့သူတဦးလည်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တည်ထောင်စဉ်က ကေဒါတဦးအနေဖြင့် စတင်ပါဝင်ခဲ့သည်။ ၁၉၈၅-ခုနှစ်မှာ ရခိုင်ပြည် အမျိုးသားလွတ်မြောက်ရေးပါတီ ရမလပတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်း ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီတွင် ပါဝင်လာခဲ့သည်။ ယခုအခါ ပန်းထိမ်ဆရာတဦးအဖြစ်ဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇာမြို့တွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။ ဦးမောင်အေးချမ်းသည် သြဂတ်(စ်) ၁၃ အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူဖြစ်သဖြင့် ယခုလတွင်ကျရောက်သော နှစ်(၄၀)မြောက် ရခိုင်ပြည် ဆန်ပြဿနာနေ့ (သို့မဟုတ်) ၁၃ သြဂတ်(စ်) အရေးတော်ပုံနေ့အခါသမယတွင် သြဂတ်(စ်) ၁၃ အရေးတော်ပုံအကြောင်းအား အများသူငါ သိရှိနိုင်ရန်အတွက် သူနှင့် တွေ့ဆုံမေးမြန်းခန်းကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။

NN ရခိုင်ပြည် ဆန်ပြဿနာနေ့ဟာ ဘယ်ကစပြီးတော့ ဘယ်လိုဖြစ်ပေါ်လာခဲ့ပါသလဲ။

ချမ်း။ ရခိုင်ပြည်နယ်ဟာ စပါးဆန်ရေ သားငါးပုဇွန် အလွန်ပေါကြွယ်ဝတဲ့ ဒေသတခုဖြစ်ပါတယ်။ ၁၉၆၇-ခုနှစ်မှာ ဗိုလ်နေ၀င်း စစ်အစိုးရဟာ ရခိုင်ပြည်နယ်ထဲက ဆန်စပါးတွေကို သူတို့သတ်မှတ်ထားတဲ့ဈေးနှင့် ရခိုင်တောင်သူလယ်သမားတွေဆီက မရောင်းမနေရ အတင်းအဓမ္မ သိမ်းကျုံးဝယ်ယူပြီး အစိုးရ ဂိုဒေါင်တွေမှာ သိုလှောင်ပါတယ်။ ပြီးတော့ အဲဒီဆန်စပါးတွေကို နိုင်ငံခြားတိုင်းပြည်တွေကို အဆက်မပြတ်ရောင်းချနေတော့ ပြည်သူတွေ ၀ယ်ယူစားသောက်မဲ့ ဆန်တွေရှားပါးမှု အခက်အခဲနဲ့ကြုံလာရတယ်။ ငွေရှိပြီး ချမ်းသာတဲ့ပြည်သူတွေတောင်မှ ဆန်ကိုဝယ်ယူလို့မရတဲ့အခြေအနေမျိုးကို ဆိုက်ရောက် လာပါတယ်။ ရခိုင်လူထုဟာ တခါမှ မကြုံတွေ့ဘူးတဲ့အငတ်ဘေးကို ရင်ဆိုင်တွေ့ကြုံ လာရတယ်။ ထမင်းငတ်ပြီးသေတဲ့အစဉ်အလာမရှိတဲ့ ရခိုင်လူမျိုးတွေဟာ ထမင်းမစားရတဲ့အတွက် ပြိန်းဥနဲ့ တောမြောက်ဥတွေ၊ မျှစ်တုတ်တွေကို ပြုတ်ပြီးတော့ စားသောက်နေရတဲ့အတွက် ၀မ်းရောဂါနဲ့ သေသူတွေ၊ ငတ်ပြတ်ပြီးသေသူတွေ ဖြစ်လာကြပါတယ်။ တချို့ဆိုရင် အရှက်တရားကြီးမားပြီး မိသားစုတခုလုံးကို အဆိပ်ခတ်ပြီး သတ်သေသွားကြတဲ့ သူတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်တခုလုံးမှာ ဆန်ပြဿနာကြောင့် အမျိုးမျိုးပြဿနာတွေ ဖြစ်ပေါ်လာကြပါတယ်။ တောင်းစားတတ်တဲ့သူ မရှိတဲ့ ရခိုင်လူ့အဖွဲ့အစညှ်းမှာ ၀မ်းရေးအတွက် အပျိုပေါက်လေးတွေပါ သက်ကြီး သူအိုတွေပါ အရှက်အကြောက်ကင်းမဲ့စွာ ထမင်းအလှူခံ စားလာကြရ ပါတော့တယ်။

ဒါတွေကို မြင်လာကြတဲ့ ပြည်သူတွေဟာ သက်ဆိုင်ရာ စစ်အာဏာပိုင် တွေမှတဆင့် အစိုးရဆီမှာ “ဆန်ရောင်းချပေးပါ”လို့ အကြိမ်ကြိမ် တင်ပြ တောင်းပန်ခဲ့ပေမဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့အကြပ်အတည်းကို သက်ဆိုင်ရာ အာဏာပိုင်တွေက မျက်ကွယ်ပြုထားခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေနဲ့ ပြည်သူတွေကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ရပြီး လူ့လောကမှာ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်တဲ့ အစာရေစာရရှိရေးကို ရခိုင်ပြည်သူတွေတောင်းဆိုလာရတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်နေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရက ငြိမ်းချမ်းစွာ ဆန်ရောင်းဖို့တောင်းခံလာတဲ့ ပြည်သူတွေကို လက်နက်အားကိုးဖြင့် ရက်စက်ယုတ်မာစွာ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ၁၉၆၇-ခု သြဂတ်(စ်) ၁၃ ရက်နေ့ဖြစ်ပြီး ရခိုင်ပြည်သူတို့ရဲ့ ရင်နင့်ဖွယ်ရာ မဟာကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရသည့်နေ့ တနေ့အဖြစ် ကျနော့်အနေနဲ့ သတ်မှတ်ခံယူထားပါတယ်။ ရခိုင်တမျိုးသားလုံးအနေနဲ့ အဲဒီနေ့ကို အစဉ်မမေ့အပ်တဲ့ နေ့တနေ့အဖြစ် သတ်မှတ်ထားစေ လိုပါတယ်။

NN စစ်အာဏာပိုင် တော်လှန်ရေးကောင်စီအနေနဲ့ ဘာဖြစ်လို့ ဆန်ပြဿနာကို အေးဆေးစွာဖြေရှင်းပေးရင် ရပါရဲ့နဲ့ ရခိုင်ပြည်သူတွေကို အင်အားသုံးပြီး ဘာကြောင့်ပစ်သတ်ခဲ့ရတာလဲ။

ချမ်း။ စစ်အာဏာရှင်တွေကတော့ ပြည်သူတွေဟာ ဘာဘဲဖြစ်နေဖြစ်နေ သူတို့အနေနဲ့ ဆန်စပါးတွေကို နိုင်ငံတကာသို့ရောင်းပြီး နိုင်ငံခြားကငွေရရှိရေးနဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေမှာ အသုံးပြုဖို့ စစ်လက်နက်ဝယ်ဖို့ကိုပဲ သူတို့အားကြီးနေတာကြောင့် ဖြစ်ပါတယ်။ အဲဒီနှစ်က ရခိုင်ပြည်နယ်မှာသာမက မြန်မာတနိုင်ငံလုံးမှာ ဆန်စပါးတွေ အခက်အခဲတွေနဲ့ ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့အချိန် ဖြစ်ခဲ့ပါတယ်။ ဝေးလံတဲ့ကျေးရွာဒေသတွေမှာဆိုရင် ထမင်းအငတ်ဘေးနဲ့ တော်တော်များ များကို သေခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် စစ်အာဏာပိုင် တွေက အချိန်မှီ ထိမ်းချုပ်လိုက်နိုင်တယ်လို့ ဆိုရမှာပါပဲ။

NN ဗိုလ်နေ၀င်းလက်ကိုင်တုတ် တိုင်းမှူး ဗိုလ်မှူးကြီးစောဖြူက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းခံလာတဲ့ ရခိုင်ပြည်သူတွေကို ပစ်သတ်တဲ့အချိန်မှာ ကျဆုံးသွားခဲ့ကြရတဲ့ ပြည်သူတွေအရေအတွက် သိပါရစေ။ အဲဒီအချိန်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ သူတွေကို နောက်ပြန်တွေ့ခဲ့ရပါသလား။

ချမ်း။ သူတို့ တရားဝင်ဆိုပြီး လိမ်လည်ထုတ်ပြန်တာကတော့ စုစုပေါင်း (၂၄)ဦးပဲ သေဆုံးသွားခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်သူတွေ ကောက်ယူတဲ့စာရင်းအရ လူပေါင်း(၃၀၀)ကျော်ထိ သေဆုံးသွားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တချို့ရပ်ကွက်တွေက မိဘဆွေမျိုးတွေဟာ သူတို့သားသမီးတွေ ဘယ်ကိုရောက်သွားသလဲ၊ သေဆုံးသွားသလား၊ ပျောက်ဆုံးသွားသလားဆိုတာကို စုံစမ်းမေးမြန်း နေတာတွေကို ကျနော်ကိုယ်တိုင်တွေ့ခဲ့ရလို့ပါဘဲ။

NN အဲဒီ သေဆုံးသွားခဲ့တဲ့ အလောင်းတွေကိုရော သူတို့က ဘယ်နေရာမှာ ဘယ်လိုပုံစံတွေနဲ့ သဂြိုလ်ခဲ့ ပါသလဲ။

ချမ်း။ အလောင်းတွေကို ပထမ သူတို့ အဲဒီလမ်းမထဲမှာပဲ ဒီအတိုင်းပစ်ထားတယ်။ ပြီးတော့ စစ်ကားကြီးတွေ ရောက်လာတယ်။ အဲဒီအချိန်မှာ ဒဏ်ရာရတဲ့သူတွေက “ကျနော်မသေသေးပါဘူး ဆေးရုံကိုပို့ပေးပါ၊ ဆေးကုလျှင် ကောင်းနိုင်ပါသေးတယ်” ဟု အော်ဟစ်ပြီး အကူအညီတောင်းခံပေမဲ့ သေဆုံးပြီးဖြစ်တဲ့ အလောင်းတွေနဲ့ မသေသေးတဲ့ သူတွေကိုပါ ဆန်အိတ်ကို ကားပေါ်တင်တဲ့အတိုင်းဘဲ တ၀ုန်းဝုန်းနဲ့ မြှောက်တင်ပြီး စစ်တွေမြို့ ပင်လယ်ကမ်းနားမှာရှိတဲ့ အုန်းတောကြီးထဲကို ယူသွားပြီး အရှင်ရော အသေအလောင်းတွေကိုပါ တခါတည်း ဓါတ်ဆီလောင်းပြီး မီးရှို့အစဖျောက်လိုက်တယ်လို့ သိရှိရပါတယ်။

စစ်တပ်က သြဂတ်(စ်) ၁၃ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရတဲ့ မိန်းမနဲ့ယောက်ျား အလောင်း(၂၄)ဦးကိုသာ ၁၄ ရက်နေ့မှာ စစ်တွေမြို့ ကြေးနန်းရုံးရှေ့မှာ မဏ္ဍာပ်ထိုးပြီး ပြသခဲ့ပါတယ်။ အဲဒီအလောင်းတွေကို လာရောက်ကြည့်ရှု့တဲ့ စစ်တွေမြို့ရှိ ကရာတေးနဲ့ သိုင်းအဖွဲ့များက သူတို့ကိုယ်တိုင် အသုဘပို့ဖို့ လုံးခြုံရေးယူထားသော စစ်တပ်ဆီမှာ ခွင့်တောင်းပေမယ့်လည်း စစ်တပ်က သူတို့၏ကြီးကြပ်မှုအောက်မှာသာ သေဆုံးသွားသူများရဲ့ ဆွေမျိုးများအနည်း ငယ်ကို ခေါ်ယူပြီး စစ်တွေမြို့ သင်္ချိုင်းအနီးရှိ သရက်တော ဘုန်းတော်ကြီးကျောင်းနံဘေး မြေကွက်လပ်တခုမှာ မြေမြုပ်သဂြိုလ်ခဲ့ပါတယ်။

NN ဆန်ရရှိရေးအတွက် ရခိုင်ပြည်သူတွေဆန္ဒပြတာက ဘယ်ကနေ ဘယ်လိုစတင်လာပါသလဲ။

ချမ်း။ ရခိုင်ပြည် ဆန်ပြဿနာက သြဂတ်(စ်)လ ၁၂ ရက်နေ့ကတည်းက စတင်ဖြစ်ပေါ်လာတာပါ။ ပထမ စတာကတော့ သြဂတ်(စ်) ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်မှာပဲ။ အုန်းတပင်ရပ်ကွက်နားမှာရှိတဲ့ ဆတ်ရိုးကျ ချောင်းကမ်းနားရှိ အစိုးရ ဆန်ဂိုဒေါင်တွေမှ ဆန်တွေကို နိုင်ငံခြားသင်္ဘောပေါ်သို့ တင်ဆောင်နေတဲ့ တုန်ကင်း ဆန်သယ်တဲ့ရေယဉ်ပေါ်ရှိ ဆန်တွေကို မြင်တဲ့ရခိုင်ပြည်သူ ယောက်ျား မိန်းမ၊ ကလေးအပါအ၀င် (၁၀၀)ကျော်ခန့်ဟာ ရေယဉ်ပေါ်ကိုတက်ပြီးတော့ ဆန်တွေကို လုကြပါတော့တယ်။ အဲဒီအချိန်မှာ ဆန်စက်ဝင်းထဲမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့တဖွဲ့ကတော့ ဟန့်တားတာမျိုး မလုပ်တော့ပဲ မျက်စိမှိတ်ပြီးတော့ အားပေးပါတယ်။ တချို့ဆိုရင် ဆန်အိတ်တွေကို ရေယဉ်ဝမ်းခေါင်းထဲမှ မနိုင်မနင်း သယ်ယူလာတဲ့အတွက် ရေထဲကို လူနဲ့ဆန်အိတ်၊ ဆန်အိတ်နဲ့လူ တပါတည်းလိမ့်ကျခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။ ညနေစောင်း ၅ နာရီ ကျော်လောက်မှာ ဆန်လုပွဲဟာ အဆုံးသတ်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီအချိန်မှာ စစ်အာဏာပိုင် တွေဟာ အဟန့်အတား ဘာမှပြုလုပ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။

အဲဒီင်္နေ့ ညနေဘက် ၇ နာရီကျော်ခန့်မှာ လမ်းမတော် တောင်ရပ်ကွက်က ကျောင်းဆရာမ နေအိမ်တအိမ်မှာ လူငယ် (၃၀)ကျော်ခန့် စုဝေးပြီးတော့ အဲဒီအိမ်ကတဆင့် လမ်းမကြီးအတိုင်း “ဆန်ပြဿနာဖြေရှင်းပေး၊ အရေးတော်ပုံ အောင်ရမည်”ဟု ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြချီတက် လာကြပါတယ်။ ရူပရပ်ကွက် လမ်းဆုံ မြူနီစီပါယ် ဥက္ကဌ ဦးမောင်ကျော်ဦး အိမ်ရှေ့ကို ရောက်လာတဲ့အခါ ဆန္ဒပြသူ (၂၀၀)နီးပါးအထိ များပြားလာပြီး ဦးမောင်ကျော်ဦးအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပါတော့တယ်။ ကျောက်ခဲတွေနဲ့ ပစ်ပေါက် ကြရတဲ့အကြောင်းက မြူနီစီပါယ်ဥက္ကဌ ဦးမောင်ကျော်ဦးက စစ်အစိုးရရဲ့ အထက်အာဏာပိုင်တွေကို စစ်တွေမှာ လူတဦးကို တနေ့ဆန်တဗူးနှုန်းနဲ့ ပြုတ်ဆန်နှင့် ဆန်ခွဲတွေကို ထုတ်ပေးရင်လည်း ရပါတယ်လို့ တင်ပြမှုကြောင့် ဖြစ်ပါတယ်။

အဲဒီပြီးနောက် ဗိုလ်မှူးကြီးစောဖြူ စစ်ကား(၂)စီး လက်နက်အပြည့်နဲ့ လာရောက်ပြီး အိုးတန်းနဲ့ ရူပရွာခွဆုံမှာ ဆန္ဒပြတဲ့လူငယ်တွေကို ကားနှစ်စီး လာရောက်ဝိုင်းလိုက်ကြပါတယ်။ ဗိုလ်မှူးကြီးစောဖြူက ဆန္ဒပြနေတဲ့ လူငယ် ခေါင်းဆောင်တွေကို “ဆန်ပြဿနာကို ငါဖြေရှင်းပေးမယ်” ဆိုပြီး ကတိ ပေးပါတယ်။ ဆန္ဒပြသူများကိုလည်း လူစုခွဲပြီး အိမ်ပြန်ကြရန် ပြောပါတယ်။ အဲဒီအချိန်က ညဥ့် (၁၀)နာရီနီးပါးရှိနေပါပြီ။

မနက်မိုးလင်း သြဂတ်(စ်) ၁၃ ရက်နေ့ရောက်တော့ ကျနော်တို့ ပြည်လုံးချမ်းသာ ဘုရားကြီးမှာစုကြပါတယ်။ အဆင်သင့်အနေဖြင့် လမ်းမတော်မှ လူငယ် ခေါင်းဆောင် အဖွဲ့တခုမှ ခြုပ်ပြီးသားပိတ်စ အစိမ်းရောင် အလျား ၈ တောင်နဲ့ အနံ ၃ တောင်ခန့်ရှိတဲ့ ဆိုင်းဘုတ်တခုသယ်ယူလာခဲ့ပါတယ်။ အဲဒီဆိုင်းဘုတ်မှာ “ဆန်ပြဿနာဖြေရှင်းပေး၊ အရေးတော်ပုံအောင်ရမည်” လို့ ရေးသားထား ပါတယ်။

ကျနော်တို့လူစုဟာ ဆိုင်းဘုတ်ကို ရှေ့ဆုံးမှကိုင်ဆောင်ပြီးတော့ စစ်တွေ ဘုရားကြီးမှ ဒိုးဝန်းရွာရပ်ကွက် ဆန်စက်ရုံ သင်္ဘောဆိပ်လမ်းအတိုင်း “ဆန်ပြဿနာဖြေရှင်းပေး၊ ပြုတ်ဆန်မစားရခိုင်သား၊ ဆန်ခွဲမစားရခိုင်သား”၊ ဆန္ဒပြပြီးတော့ ဆန်ရရှိရေး ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး လမ်းမကြီးအတိုင်း စီတန်းလမ်းလျောက်ချီတက် လာခဲ့ကြပါတယ်။ အဲဒီနေ့ဟာ ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သည်တွေ ကိုယ်တိုင်က ရှေ့ဆုံးကနေ ဥပုသ်သီလနဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး လိုက်ပါလာကြပါတယ်။

ကျနော်တို့ပြည်သူတွေဟာ မြို့မအမှတ် (၁)ရဲစခန်းရှေ့ရောက်တဲ့အခါမှာ စခန်းမှာရှိတဲ့ရဲတွေက သူတို့ရဲဌာန ပတ်ပတ်လည် လုံခြုံရေးချထားတာကို တွေ့ခဲ့ရပြီး သူတို့အနေနဲ့ ဘာမှလိုက်လုပ်တာ၊ အနှောက်အယှက် ပေးတာမျိုး မရှိပါဘူး။ ထိုမှတဆင့် ဆန္ဒပြလူအုပ်ကြီးဟာ ဦးဥတ္တမပန်းခြံ၊ ထိုမှတဆင့် လှခိုင်ဆရာတော် ဘုန်းတော်ကြီးကျောင်းခွဆုံ၊ ထိုမှတဆင့် ပြန်လှည့်ပြီး စစ်တွေမြို့ ထောင်ရှေ့မှ ဖြတ်လျောက်ကာ ပလုတ်တောင်ခွဆုံကို ချီတက်ခဲ့ကြပါတယ်။ ပလုတ်တောင်ခွဆုံမှာ ပြည်သူတွေက ပေးဝေနေတဲ့ ရေအလှူများကို သောက်သုံးပြီး ရှေ့ကို ချီတက်ကြပါတယ်။ တမြို့လုံးကလူတွေ ပူးပေါင်းပါဝင်လာကြတဲ့အတွက် ဆန်ရရှိရေး ဆန္ဒပြသူလူတန်းဟာ တဖြည်းဖြည်း များလာပြီးတော့ အစနဲ့အဆုံးကို မမြင်ရတော့ပါဘူး။ ခန်းမှန်းခြေ အရ ပြောရယင် လူပေါင်း အနည်းဆုံး (၃၀၀၀၀)ခန့် လောက်ရှိ ပါတယ်။

ဆန္ဒပြလူအုပ်ကြီးဟာ လေယဉ်ကွင်းရှေ့ကို ဖြတ်လျောက်ပြီး စစ်တွေမြို့ရှိ မီးစက်ကြီးခွဆုံမှ မူဆလင်ဘာသာဝင်အများစု နေထိုင်တဲ့ နာဇီရွာလမ်းအတိုင်း ဖြတ်လျောက်လာခဲ့တဲ့အခါ မူဆလင်ဘာသာဝင်များလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်လာပြီး ဆန္ဒပြလူအုပ်ကြီးဟာ အဆမတန်များပြားလာပါတယ်။ ကသဲရွာခွဆုံကနေ ကုန်တန်းရပ်ကွက် မြဆန်စက်ရှေ့ကို ဆန္ဒပြလူအုပ်ကြီး ရောက်တဲ့အခါ စစ်တပ်က လမ်းပေါ်မှာသံဆူးကြိုးတွေ ကာရံထားပြီး အသင့် အနေအထားနဲ့ နေရာယူထားတာကို တွေ့ရပါတယ်။

စစ်တပ်က ရှေ့ကိုဆက်မသွားဖို့တားဆီးပြီး သေနတ်တွေကိုချိန်ပြီး နေရာယူတဲ့ အတွက် ဆန္ဒပြသူများနဲ့ မဆလစစ်တပ်အကြား တင်းမာမှုများဖြစ်ပေါ် လာပါတယ်။ ချက်ချင်းဆိုသလို နောက်က အမိန့်ပေးသံထွက်ပေါ်လာပြီး အသင့် နေရာယူထားတဲ့ စစ်တပ်ဟာ ကျနော်တို့ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကြားထဲကို သူတို့ကိုင်ဆောင်ထားတဲ့ နေ၀င်းစတန်း၊ ကာပိုင်မောင်းပြန်သေနတ်တွေနဲ့ အချက်ပေါင်းမြောက်များစွာ တရပ်စပ်ပစ်ခတ်ပါတော့တယ်။ သေနတ်သံနဲ့အတူ လဲသူလဲ၊ အော်သူအော်၊ ပြေးသူပြေး၊ အခြေအနေဟာ ချက်ချင်း ၀ရုန်းသုန်းကား ဖြစ်သွားပြီးတော့ ဆန္ဒပြသူတွေရဲ့ နီရဲနေတဲ့သွေးတွေဟာ မဲနက်တဲ့ ကတ္တရာလမ်းပေါ်မှာ ရေစီးကြောင်းကြီးတခုလို စီးကျသွားပါတော့တယ်။ ဒဏ်ရာ ပြင်းထန်တဲ့သူတွေကတော့ ချက်ချင်း ပစ်ခတ်ခံလိုက်ရတဲ့နေရာမှာ ပွဲချင်းပီး သေဆုံးသွားပြီး ဒဏ်ရာအနည်းအကျဉ်းရရှိသူတွေ အသက်လွတ်အောင် ထွက်ပြေးပေမယ့် နောက်က တချက်ချင်း လိုက်လံပစ်ခတ်နေတဲ့ မဆလ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မလွတ်တော့ဘဲ သူတို့လည်း အခြားသေဆုံး နေ သူတွေအပေါ် လဲပြိုကျသွားပါတော့တယ်။ နောက်ဆုံးမှာတော့ ဆန္ဒပြမှု တခုလုံး ပျက်ပြားသွားပြီး လူအုပ်ကြီးဟာ ကွဲသွားကြပါတော့တယ်။

NN ရခိုင်ပြည်သူတွေကို ဘာတွေများ ပြောကြားချင်တာတွေ ရှိပါသလဲ။

ချမ်း။ အခုလို ရခိုင်ပြည်သူတွေရဲ့ ဆန်ပြဿနာကို ငြိမ်းချမ်းစွာ အသက်ပေးပြီး သက်စွန့်ဆံဖျား တရားမျှတစွာ တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို သြဂတ်(စ်) ၁၃ ရက်နေ့ရောက်တိုင်း အောက်မေ့ ဂုဏ်ပြုဖို့ မမေ့ကြဖို့ ပြောကြားချင်ပါတယ်။

****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.